နေပြည်တော် စက်တင်ဘာ ၂၀

 

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံက မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်​လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ် (National Determined Contributions - NDCs) အစီရင်ခံစာကို အဓိကဦးစားပေးကဏ္ဍများဖြစ်သည့် စွမ်းအင်၊ စိုက်ပျိုး​ရေး၊ သစ်တောနှင့် အခြားကဏ္ဍများကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ အစီရင်ခံစာပါ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် ကတိကဝတ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာဌာနများက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

 

အိုဇုန်းလွှာကို ပျက်စီး​စေသော ဒြပ်ပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကလိုရို ဖလူရိုကာဗွန် (HCFC R-22) အသုံးပြုသည့် ​မြင်းကောင်ရေ ၂ ဒသမ ၅ နှင့်အောက်ရှိ လေအေးပေး စက်တင်သွင်းမှုကို ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ အဆိုပါဒြပ်ပစ္စည်းသုံး မြင်းကောင်ရေ ၂ ဒသမ ၅ နှင့််အထက် အင်အားရှိ အကြီးစားစက်ပစ္စည်းများ တင်သွင်းသုံးစွဲမှုကို တားမြစ်သွားနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော အမျိုးသား မြေပေါ်ရေ အရည်အသွေးစံချိန်စံညွှန်း ရေးဆွဲထုတ်ပြန်နိုင်ရေးအတွက် စံချိန်စံညွှန်း​ရေးဆွဲရေး နည်းပညာ ဆပ်ကော်မတီ အဖွဲ့ဝင်များ၏ ပူးပေါင်းမှုဖြင့် အပြီးသတ်မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် မှတ်တမ်းတင်သွားမည်ဖြစ်ပါ​ကြောင်း၊ နိုင်ငံတော်က ချမှတ်အတည်ပြု ထုတ်ပြန်ပြီးဖြစ်သည့် ပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နဲ့ သက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် လက်တွေ့ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီ ဖြစ်သကဲ့သို့ ပိုမိုထိ​ရောက်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကော်မတီ ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်တိုးတက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြသည်။

 

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်