ပတ်ဝန်းကျင်ကောင်းများ မညစ်နွမ်းရေး

နေပြည်တော် ၁ မတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများ၏ ကိုက် ၁၀ဝ ဝန်းကျင်အတွင်း ဖွင့်လှစ်ထားသည့် အရက်၊ ဘီယာဆိုင်များကို ပြန်လည်စိစစ်၍ ပိတ်သိမ်းသွားရေး ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)မှ ကြားသိလိုက်ရသည်။ ယင်းအရေးနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အရေးယူဆောင်ရွက်မှုတို့မှာ လျော်ကန်သင့်မြတ်ပါသည်။

 

မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ ရောင်းဝယ်ဖောက်ကားသုံးစွဲခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးတွင်သာမက တစ်နိုင်ငံလုံးတွင် ယဉ်ကျေးမှုသဖွယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အရက်၊ ဘီယာ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ဖြစ်ထွန်းလာသော အကျိုးရလဒ်ထက် မျက်မှောက်ကာလ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အနာဂတ်လူ့ဘောင်လောကအပေါ် ရိုက်ခတ်လာမည့် အနုတ်လက္ခဏာများမှာ ပိုမိုများပြားလှသဖြင့် အဆိုပါအရေးကို ယခုအခြေအနေမတိုင်ခင်ကပင် ပိုမိုမြော်တွေးဆောင်ရွက်သင့်ပေသည်။

 

လက်ရှိဖြစ်ပေါ်နေသော ထိုအရေးမှာ ဥပဒေ၊ ပြဋ္ဌာန်းချက်များရှိပါလျက် မည်သို့သောအကြောင်းများကြောင့် လူမှုဘဝနယ်ပယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေသည်မှာ မတွေးနိုင်ဖွယ်ဖြစ်သည်။ ယစ်မျိုးနည်းဥပဒေ ၂၂ တွင် အရက်သေစာရောင်းချသောဆိုင်နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များ၌ အများပြည်သူ ရှုမြင်ရန် မသင့်တော်သော နေရာတွင် လည်းကောင်း၊ သောက်သုံးသူတို့အနီး ဖြတ်သန်းသူတို့အား အနှောင့်အယှက် ဖြစ်စေမည့် နေရာတွင်လည်းကောင်း မဖြစ်စေရ၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရား၊ ဝတ်ပြုပူဇော်ရာ အနီးအနားတွင် မဖြစ်စေရဟု သတ်မှတ်ထားသော်လည်း အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်များ ပျက်ပြယ်သွားပြီလားဟုပင် ထင်ရလောက်အောင် ဖော်ပြပါနေရာများ အနီးတစ်ဝိုက်တွင် အရက်၊ ဘီယာဆိုင်များ မှိုလိုပေါက်လာသည်ကို အထင်အရှားမြင်တွေ့နေရသည်။

 

ယခုအခါ တိုင်းဒေသကြီးလွှတ်တော်တွင် ကျောင်းအနီးပတ်ဝန်းကျင် ကိုက် ၁၀ဝ အတွင်း တည်ရှိနေသော အရက်၊ ဘီယာဆိုင်များကို ပြည်သူ့ ကိုယ်စားလှယ်များက ထောက်ညွှန်ပြသ အသိပေးသဖြင့် ပိတ်သိမ်းရန် စီစဉ် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ ကျောင်းသား လူငယ်များဆိုသည်မှာ အသိမကြွယ်သေးသည့် အနာဂတ် အညွန့်အဖူးလေးများ ဖြစ်သည်။ စူးစမ်းလိုစိတ်နှင့် အတုမြင်အတတ်သင်လွယ်သော အရွယ်များဖြစ်သည်။ ယနေ့ကာလ၌ ကျောင်းသားလူငယ်များ စာရိတ္တမဏ္ဍိုင်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ စီမံချက်များ ချမှတ်ဆောင်ရွက်ပေးနေချိန်တွင် ကျောင်းပတ်ဝန်းကျင်၌ အရက်၊ ဘီယာဆိုင်များ ဖွင့်လှစ်ရောင်းချနေသည်မှာ လျော်ကန်သင့်မြတ်မှုမရှိသည့် အခြေအနေပင်ဖြစ်သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် အရက်၊ ဘီယာဆိုင်များ နေရာအနှံ့တွင်ရှိနေပါသည်။ အရက်၊ ဘီယာတို့ကို လူငယ်လူရွယ်များသာမက အရွယ်မရွေးသောက်သုံးကြရာ ငွေကုန်ကြေးကျများခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မိသားစုနှင့်လူမှုဘဝပတ်ဝန်းကျင်ကို အခက်အခဲနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်စေခြင်းနှင့် ဒုစရိုက်မှု ပိုမိုဖြစ်စေနိုင်သော တွန်းအားများဖြစ်စေပါသည်။ အရက်၊ ဘီယာကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ကိုယ်စိတ်ကျန်းမာရေး ထိခိုက်မှု အမြစ်တွယ်လျှင် ပြန်လည်ကုစားနိုင်ရန် မလွယ်ကူတော့ဘဲ အသက်ပင်သေဆုံးနိုင်ပါသည်။

 

ထိုမျှအထိ ဆိုးကျိုးများသော အရက်၊ ဘီယာသောက်သုံးမှုကို ဟန့်တားနိုင်မှုမရှိသေးသည့်အပြင် လူငယ် လူရွယ်များ ပညာသင်ကြား နေသည့် စာသင်ကျောင်းများ ပတ်ဝန်းကျင်တွင်သာမက သတ်မှတ်ပြဋ္ဌာန်း ထားသော နေရာအားလုံးတွင် ရောင်းချခြင်းမပြုနိုင်အောင် အလေးထား ဆောင်ရွက်ကြရပေလိမ့်မည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယစ်မျိုးဥပဒေတွင်ပါဝင်သည့် အရက်၊ ဘီယာစသည်တို့ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရန် ဗဟိုကြီးကြပ်ရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့များ တရားဝင်ဖွဲ့စည်းထားပြီးဖြစ်သည်။

 

သို့ဖြစ်ရာ ကျောင်းသားလူငယ်တို့၏ ပတ်ဝန်းကျင်သာမက သတ်မှတ်ထားသောနေရာအားလုံးတွင် အရက် ၊ ဘီယာ မရောင်းချရေးကို အနာဂတ်ကိုမြော်တွေး၍ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ