၁၁ ဇွန်

 

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုက လူတို့၏ရှင်သန်မှု၊ ကျန်းမာပျော်ရွှင်မှုတို့နှင့် တိုက်ရိုက်ပတ်သက်နေသည့် ပြဿနာတစ်ခုဖြစ်ပါသည်။ လူမှုအဖွဲ့အစည်း၏ လိုအပ်ချက်များနှင့် လိုအင်များကို လိုက်လံဖြည့်ဆည်းရင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတို့ကို ဆောင်ရွက်ရင်း ပတ်ဝန်းကျင်ညစ်ညမ်းမှုက တွဲဖက်ပါဝင်လာလေ့ရှိသည်။

 

ထို့အတူ မြို့ ပြများ တိုးတက်လာ၊ ခေတ်မီလာသည့်အခါ ထိုတိုးတက် ခေတ်မီလာခြင်းတို့နှင့်အတူ တွဲလျက်ရှိနေသည့် မြို့ ပြယဉ်ကျေးမှုနှင့် မြို့ ပြဆိုင်ရာ ကျင့်ဝတ်တို့ကို လူအများက လိုက်နာထိန်းသိမ်းမှု အားနည်း သည့် အခါတွင်လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာက ကြီးထွားလာ ပြန်သည်။

 

လေထု၊ မြေထု၊ ရေထု ညစ်ညမ်းမှုတို့ကို အဓိကထုတ်လုပ် ဖန်တီးပေးနေသည့် စက်ရုံနှင့် မော်တော်ကားများက ထွက်လာသည့် မီးခိုးငွေ့များ၊ ပလတ်စတစ် အစရှိသည့် သဘာဝထဲ ကြေပျက်ပျော်ဝင်သွားရန် မလွယ်ကူသည့် အမှိုက်အမျိုးမျိုးတို့က ကြာလာသည်နှင့်အမျှ ဖြေရှင်းရန်ခက်ခဲသည်ထက် ခက်ခဲလာနေသော ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာဖြစ်နေ သည်။

 

သည်လို အမှိုက်သရိုက်မျိုးစုံကို မစဉ်းမစား မဆင်မခြင်ဘဲ အလွယ်တကူ မြေထဲပစ်၊ ရေထဲပစ်၊ မီးရှို့လေထဲလွှတ် လုပ်သည့်အခါ မြေကမ္ဘာတစ်ဝန်းမှာ ညစ်ညမ်းမှုထုထည်က ဆတက်ထမ်းပိုး တိုးတော့သည်။ အမှန်တော့ ပတ်ဝန်းကျင်ညစ်ညမ်းသည် ဆိုသည့်ကိစ္စတွင် အမြင်ဆိုင်ရာ၊ အသံဆိုင်ရာ ရှုပ်ထွေးမှုတို့ကြောင့် ညစ်ညမ်းရသည် တို့လည်း ရှိသေး၏။ မြို့ပြမြင်ကွင်းထဲမှာ အမြင်မတင့်တယ်သည့် ဆိုင်းဘုတ်ကြီးများ၊ အချိုးအစားမကျနသည့် အဆောက်အအုံပုံစံများ၊ ရိုင်းပျသည်အထိ ဆွဲဆောင်ရန်ကြိုးစားနေသည့် အရောင်စုံများ၊ နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပစ်ထားသည့် ဟောင်းနွမ်းဆွေးမြည့်နေသည့် အရောင်အသွေးတို့ကလည်း အမြင်ဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများပင် ဖြစ်ပါသည်။

 

သည်လိုထဲမှာ မော်တော်ကား ဟွန်းသံများ၊ လော်စပီကာများက ထွက်လာသည့် ပြင်းထန်ကျယ်လောင်လှသည့် အသံဗလံများကလည်း အသံဆိုင်ရာ ပတ်ဝန်းကျင် ညစ်ညမ်းမှုများပင် ဖြစ်ပါသည်။

 

သည်သို့သော ပတ်ဝန်းကျင်ညစ်ညမ်းမှု ပုံစံအမျိုးမျိုးတို့က လူမှုအဖွဲ့အစည်း၏ သာယာပျော်ရွှင်မှုကိုသော်လည်းကောင်း၊ လူအများ ကျန်းမာစွာ ရှင်သန်နိုင်ကြရေးအတွက်ကိုသော်လည်းကောင်း နင့်နင့်နဲနဲ ထိခိုက်နေသည့် ပြဿနာကြီးများ ဖြစ်ပါသည်။

 

လူထု၏ ရေရှည်အကျိုးစီးပွားအတွက် ယခုလိုဖြစ်ပေါ်နေသည့် ညစ်ညမ်းမှုအမျိုးမျိုးကို လျှော့ချပေးနိုင်ရန်၊ ရပ်ဆိုင်းပေးနိုင်ရန် နည်းလမ်းအသွယ်သွယ်ကို စီမံပြင်ဆင်ဆောင်ရွက်ကြဖို့ အားထုတ်ကြိုးပမ်းကြရမည် ဖြစ်ပါသည်။

 

သည်လိုကြိုးပမ်းဆောင်ရွက်ကြရာတွင် ဥပဒေများကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ ဥပဒေအတိုင်းဖြစ်စေရေး ထိန်းချုပ်ကြပ်မတ်ခြင်း၊ လူထုပညာပေးရေးလုပ်ငန်းများကို တိုးမြှင့်လှုံ့ဆော်ခြင်း၊ ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချကာကွယ်ရန် အားထုတ်ဆောင်ရွက်မှုများကို အားပေးခြင်း စသည့်နည်းလမ်းအသွယ်သွယ်တို့ဖြင့် ပြည်သူလူထု၏ ကျန်းမာသက်ရှည်ရေး စိတ်ပျော်ရွှင်သာယာရေးများကို ရရှိနိုင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်လိမ့်မည် ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း