နေပြည်တော် မေ ၃
    
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ အမှုထမ်းသင်တန်းသားအိပ်ဆောင် လူ(၁၀၀)ဆံ့(၂)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့ပတ်လမ်းရှိ သင်တန်းကျောင်းမြေနေရာတွင် ကျင်းပသည်။

ဖွင့်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းကာ သင်တန်းသားအိပ်ဆောင်ကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ အဆိုပါ သင်တန်းကျောင်းအား ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် လုပ်ငန်းဆောင်ရွက်မည့်သူများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဘာသာရပ်ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီသည် လယ်ဝေးမြို့နယ်၊ ရန်အောင်မြေကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆ ဒသမ ၈) ဧကကို ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အကွက်အလိုက်၊ လိုင်းအလိုက် ပန္နက်စိုက်ထူပြီးစီးမှု၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီနုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ အဆိုပါ မြေနေရာတွင် အမြင့် (၂) ပေနှင့် အထက် သစ်တောပင်၊ အရိပ်ရပင်၊ ဝါးပင် စုစုပေါင်းအပင် (၃၆၇၂) ပင်ကို  လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်