နေပြည်တော် ဒီဇင်ဘာ ၃၀

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ်(၅၈)၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ဒုတိယဦးစီးမှူးအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၄) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလမ်းညွှန်ချက်များနဲ့အညီ ဦးစီးရုံးချုပ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနများမှ သင်တန်းသား(၈၁)ဦးကို Hybrid ပုံစံနဲ့ အောင်အောင်မြင်မြင် ပို့ချနိုင်ခဲ့ပါကြောင်း၊ ယခုသင်တန်း၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အခြားဆက်စပ်ဝန်ကြီးဌာန(၉)ခုတို့မှ ဘာသာရပ်ပေါင်း(၄၉)ခုကို တစ်လတာ သင်ကြားပို့ချခဲ့ပြီး၊ သင်တန်းကာလအတွင်း အပါတ်စဉ်ဆန်းစစ်ချက်များ စစ်ဆေး၍ ထူးချွန်သင်တန်းသား များကို ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းပို့ချချက်များကို   ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သမျှ စာတွေ့များကို လက်တွေ့နှင့် ပေါင်းစပ်ပြီး မိမိတာဝန်ကျရာ ဒေသတွင် ထိထိရောက်ရောက် ပြန်လည်အသုံးချရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်များသည် ကျယ်ပြန့်သည့်အတွက် သင်တန်းသားများအနေဖြင့် စဉ်ဆက်မပြတ်လေ့လာ မှတ်သား သင်ယူပြီး ပြောင်းလဲနေသည့် ပတ်ဝန်းကျင်အခြေအနေနှင့်အညီ လိုက်လျောညီထွေရှိရန် လုပ်ကိုင်ဆောင်ရွက်တတ်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လေ့ကျင့်သင်ကြားမှု အမြဲတမ်းရှိရန်၊ ကျွမ်းကျင်မှုရှိရန်၊ စည်းကမ်းရှိရန်၊ စံသတ်မှတ်ချက်ရှိရန်၊ စီမံခန့်ခွဲနိုင်ရန်အတွက် မိမိ၏ စွမ်းဆောင် ရည်ကို အမြဲမြှင့်တင်ရန် လိုအပ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်မှုမှာ အရေးကြီးသည့်လုပ်ငန်း ဖြစ်သည့်အတွက် ယခုကဲ့သို့သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သွားရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ လုပ်ငန်းရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရာမှာ အဂတိတရားကင်းရှင်းစွာနှင့် မှန်မှန်ကန်ကန် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ထူးချွန်ဆုရ သင်တန်းသူ/သင်တန်းသားများကို ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)