နေပြည်တော် ဧပြီ ၂၂

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန   ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးအဆင့် ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ်(၁၅)ဆင်းပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ရုံးအမှတ်(၅၈)၊ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။   

 

အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးလှမောင်သိန်း က မတ် ၂၂ ရက်မှ ဧပြီ ၂၂ ရက်အထိ ဖွင့်လှစ်ခဲ့သော ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးအဆင့် ဌာနတွင်း လုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ်(၁၅)ကို Hybrid ပုံစံနဲ့ အောင်အောင်မြင်မြင် ပို့ချနိုင်ခဲ့ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ဌာန၏မြင့်မား သည့် စွမ်းဆောင်ရည်နှင့်  ကောင်းမွန်သောရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ထိရောက် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့်  ဝန်ထမ်းများ၏ စွမ်းရည် တိုးတက်လာခြင်းနှင့်အတူ အရည်အချင်းရှိသော ဝန်ထမ်းများ  ‌မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ သင်ကြားရေးစင်တာ (Safeguard Learning Centre) တည်ထောင်ပြီး မကြာမီဖွင့်လှစ်၍ သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း။

 

ယခုသင်တန်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ် ဝန်ကြီးဌာန ( ၉ ) ဌာနတို့မှ နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေများနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ ပို့ချချက်များ အပါအဝင်  ဘာသာရပ်ပေါင်း (၄၉) ခုတို့ကို ဆွေးနွေးပို့ချပေးခဲ့ကြောင်း။

 

ယခုသင်တန်းတွင် သင်ကြားခဲ့သော ဘာသာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ပို့ချနိုင်ရေးအတွက်  ဉီးစီးရုံးချုပ်၏ ဦးဆောင်မှုဖြင့် တိုင်းဒေသ ကြီး/ပြည်နယ်များ ပါဝင်၍ ဆရာဖြစ်သင်တန်းများ(TOT) ဖွင့်လှစ်သွားရန်နှင့် တိုင်း/ပြည်နယ်များမှလည်း ဆင့်ပွားသင်တန်းများ  ပြန်လည်ပို့ချပေးသွားရန် အလေးထား တိုက်တွန်းလိုကြောင်း၊ ဌာန၏လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရာတွင် သင်ကြားခဲ့သည့် ဘာသာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်း ပြောကြား လိုပါကြောင်း မှာကြားသည်။

(သတင်းစဉ်)