ပုဗ္ဗသီရိ မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငုရွှေဝါစျေးနှင့် ကျည်တောင်ကန် စျေးများအတွင်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်း စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို မတ် ၁၄ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ စစ်ဆေးမှုတွင် ပုဗ္ဗသီရိမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် အဖွဲ့များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းနှင့် အဖွဲ့များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ် ငုရွှေဝါစျေးနှင့် ကျည်တောင်ကန်စျေးအတွင်းရှိ ကုန်စုံဆိုင်များ၊ အစားအသောက်ရောင်းချသည့်ဆိုင်များ၊ ဟင်းသီးဟင်ရွက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များ ရောင်းချခြင်းရှိ၊ မရှိ၊ သစ်သီးဝလံများတွင် ဆိုးဆေးနှင့်ကြာရှည်ခံပစ္စည်းများ အသုံးပြုခြင်းရှိ၊ မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချ မှုရှိ၊ မရှိ စစ်ဆေးပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစား အသောက်များရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့သည်။ ထို့နောက် လက်ဖက်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း၊ ငါးပိ၊ ပဲပင်ချဉ်၊ ပဲသွေး၊ ပဲပြား စသည့်အမျိုးအစား (၇) မျိုးတို့အား ကျန်းမာရေးနှင့်ညီညွတ်မှုရှိ၊ မရှိ ဓါတ်ခွဲ စမ်းသပ်စစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နမူနာဝယ်ယူ၍ အစားအသောက်တွင် သုံးခွင့်မပြုသည့် ဆိုးဆေးများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော ဓာတုကြာရှည်ခံ ဆေးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သန္တာလင်း( ပုဗ္ဗသီရိ)