နေပြည်တော် မတ် ၂၇

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။        

 

အဆိုပါစီမံကိန်းဖြင့် သာယာကုန်းကျေးရွာတွင် ရွာတွင်းလမ်းအရှည် ၄၁၀၀ ပေ၊ အကျယ် ၂ ပေ၊ ကိုးလက်မထု ရိစာခင်းခြင်း လုပ်ငန်းနှင့် Pipe Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ သစ်ယာကုန်းကျေးရွာတွင် ရွာတွင်းလမ်းအရှည် ၂၇၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ကိုးလက်မထု ရိစာလမ်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မြောက်ချောင်းကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ၃၀၀၀ ပေ၊ အကျယ် ၁၈ ပေ၊ ကိုးလက်မထုရှိ ရိစာခင်းခြင်း သန့်ဇင်လှကျေးရွာတွင် အရှည် ၁၃၉၅ ပေရှိ အုတ်စီရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် အောင်ပန်းကျေးရွာတွင် အရှည် ၁၅၂၄ ပေ အုတ်စီရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၅၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၉ သိန်းကျော်တို့ဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်မှစ၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ ဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပါကြောင်း သိရသည်။

 

“ပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေး အစီအစဉ်များကို စနစ်တကျ စုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲခြင်းဖြစ်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ကို ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးရွာငါးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ စီမံကိန်းပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၅၀၀ နဲ့ ကျေးရွာပြည်သူလူထုမှ ငွေအား၊ လုပ်အားတို့ဖြင့် ပူးပေါင်းပါဝင်မှုများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ နောင်နှစ်များမှာလည်း စီမံကိန်းများဆောင်ရွက်ရန် ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက်‌ စီမံကိန်းရေးဆွဲပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောပြသည်။

 

ထိုသို့ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ စွမ်းဆောင်ရည် မြှင့်တက်ခြင်း၊ နည်းပညာများ ရရှိခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်ထံမှ သိရသည်။

 

ကိုလှိုင်(ကျေးလက်)

 

mdn