ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီး ကျောင်းများမှ အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်း ကိုပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက် ထိုးနှံပေးလျက်ရှိသည်။ 

အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ ပုဗ္ဗသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သိန်းက "ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ အိမ်မွေးခွေးနှင့်ကြောင်များကို ဇန်နဝါရီလ ၂၇ရက်နေ့ကစပြီး ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးလျက်ရှိပါတယ်၊ ၂၀၃၀ ခုနှစ်အတွင်း ခွေးမှတစ်ဆင့် ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှ အိမ်မွေး ခွေးနှင့်ကြောင် တစ်သောင်းဝန်းကျင် ရှိပြီး ယနေ့ထိ အိမ်မွေးခွေး(၁၅၀၂)ကောင်နှင့်ကြောင်(၁၀၃) ကောင်ကို(အခမဲ့) ထိုးနှံပေးပြီး ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာ(၁၉)ရွာနှင့် ဘုန်းတော်ကြီးကျောင်းများရှိ အိမ်မွေးခွေးနှင့် ကြောင် စုစုပေါင်း(၁၆၀၅) ကောင်အား ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။ 

သန္တာလင်း (ပုဗ္ဗသီရိ)