ပုဗ္ဗသီရိ ၅ ဇွန်
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်အတွက် သီးနှံအလိုက်မျိုးစေ့များ ပေးအပ်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အောင်သုခကျေးရွာ တောင်သူဦးတင်ထွန်းနေအိမ်၌ ဆင်းသုခစပါးမျိုးစေ့များ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးသန်းကိုက "ဒေသနှင့်ကိုက်ညီ၍ အထွက်နှုန်းကောင်းသည့် ဆင်းသုခမျိုးစပါးများကို တောင်သူများစိုက်ပျိုးနိုင်စေရန်အတွက် ပေးအပ်ခြင်း ဖြစ်ပြီး သီးနှံများစိုက်ပျိုးရာ၌ နည်းပညာအကူအညီများ၊ သီးနှံအလိုက် မျိုးကောင်း မျိုးသန့်များ လိုအပ်ခြင်းနှင့် ပိုးမွှားရောဂါအခက်အခဲများအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနရုံးများသို့ ချိတ်ဆက်အကူအညီတောင်းခံနိုင်ကြောင်း" ပြောကြားခဲ့သည်။
"ယခုလို သီးနှံအလိုက် မျိုးကောင်းမျိုးသန့်တွေရတဲ့အတွက် သီးနှံများစိုက်ပျိုးရာမှာ အဆင်ပြေပါတယ်။ နောက်ပြီး ဒေသနှင့်ကိုက်ညီတဲ့ မျိုးစေ့တွေအပြင် နည်းပညာပိုင်းတွေပါ ပံ့ပိုးကူညီ ဆောင်ရွက်ပေးတဲ့အတွင် အင်မတန်အဆင်ပြေပါတယ်"ဟု တောင်သူဦးတင်ထွန်းက ပြောကြားသည်။
အဆိုပါ ဆင်းသုခစပါးမျိုးစေ့များကို အောင်သုခကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စုနှင့် ညောင်ပင်ကြီးစု ကျေးရွာအုပ်စုမှ တောင်သူ ၁၁ ဦးအတွက် တစ်ဧကလျှင် စပါးမျိုးစေ့တစ်တင်းနှုန်း ဖြင့် ဧက ၇၀ အတွက် ဆင်းသုခစပါးမျိုးစေ့တင်း ၇၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကံချွန်(ပြန်/ဆက်)


