ပုဗ္ဗသီရိ  ၂၄  ဇူလိုင် 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းလွင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို စံငါးချက်နှင့်အညီ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများပါ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် အမည်မပါရှိပါက ဆောင်ရွက်ရမည့် နည်းလမ်းများအား ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှိုင်းအောင်က မဲဆန္ဒရှင် စာရင်းကြေညာရေး အတွက် မဲစာရင်းထုတ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကြရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကြေညာပေးသွားမည် ဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စု၊ ကျေးရွာပေါင်း (၇၂)ရွာမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း ရှစ်သောင်းဝန်းကျင်ခန့်ရှိပြီး မဲရုံပေါင်း (၇၇)ရုံ လျာထားဖွင့်လှစ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကံချွန်(ပြန်/ဆက်)