PUBG ဂိမ်း ကွန်ပျူတာဗားရှင်းကို ဇန်နဝါရီလမှစ၍ အခမဲ့ ကစားနိုင်တော့မည်

ရန်ကုန်   ဒီဇင်ဘာ   ၁၆

မိုဘိုင်းဂိမ်းများထဲတွင် လူကြိုက်အများဆုံး ဂိမ်းတစ်ခုဖြစ်သည့် PUBG ဂိမ်းကို ကွန်ပျူတာများပေါ်တွင် ကစားနိုင်သည့် ကွန်ပျူတာ ဗားရှင်းကို ၂၀၁၇ ခုနှစ်မှစ၍ ဒေါ်လာ ၂၀ ဈေးနှုန်းဖြင့် ရောင်းချ နေခဲ့ရာမှ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှစ၍ အခမဲ့ကစားခွင့်ပေး သွားတော့မည်ဖြစ်ကြောင်း ဂိမ်း  ကိုထုတ်လုပ်သည့် Krafton က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာသည်။

PUBG ဂိမ်းသည် ကွန်ပျူတာဗားရှင်းကို ၂၀၁၇ ခုနှစ်မှစ၍ ရောင်းချနေခဲ့သော်လည်း လူသိမများခဲ့ဘဲ ကစားသူအနည်းငယ်သာ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မိုဘိုင်းဖုန်းများ၌ ကစားနိုင်သော ဂိမ်းဗားရှင်းကို အခမဲ့ထုတ်ပေးခဲ့ချိန်တွင် အလွန်အောင်မြင်ပြီး ကမ္ဘာတစ်ဝန်း ကစားသူအများဆုံးဂိမ်း ဖြစ်လာခဲ့သည်။ မိုဘိုင်းဗားရှင်း အလွန်အောင်မြင်သွားသောကြောင့် ကွန်ပျူတာဗားရှင်းကို ကစားသူအရေအတွက်သည် လည်း တိုးတက်လာခဲ့သလို မိုဘိုင်းဗားရှင်းကို Emulator ခေါ် ကြားခံဆော့ဖ်ဝဲများဖြင့်ခံ၍ ကွန်ပျူတာ ပေါ်တွင် ကစားသူလည်း များပြားလာခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်မူ ကွန်ပျူတာဗားရှင်းကို ဝယ်ယူ ကစားသူ အရေအတွက်မှာ Streamer (အွန်လိုင်းပေါ်မှ ဂိမ်းများတိုက်ရိုက်လွှင့်ကစားပြ၍ ဝင်ငွေရှာသူ) အချို့အပါအဝင် အနည်းစုသာရှိပြီး အများစုမှာ မိုဘိုင်းဖုန်းများပေါ်မှသာ ကစားကြကာ အချို့မှာမူ မိုဘိုင်းဗားရှင်းကို Emulator ခံ၍ ကွန်ပျူတာဖြင့် ကစားနေကြရာ မကြာမီ ကွန်ပျူတာများအတွက် အခမဲ့ဗားရှင်းရလာသည့် အချိန်တွင် ကွန်ပျူတာဖြင့် ကစားသူဦးရေလည်း များပြားလာနိုင်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၂ ရက်မှစ၍ ကွန်ပျူတာဗားရှင်းကို အခမဲ့ကစားခွင့်ပေးချိန်တွင် ကစားသူများသည် ဂိမ်းအတွင်းမှ လုပ်ဆောင်ချက် များအားလုံးကို အခမဲ့ကစားနိုင်မည်ဖြစ်သည်။ သို့သော် ဂိမ်းထဲမှ လော့ခ်ချထားသော အိုင်တမ်အချို့အတွက်မူ ၁၂ ဒသမ ၉၉ ဒေါ်လာပေးသွင်း၍ ဂိမ်းအကောင့်ကို အဆင့်မြှင့်တင်မှသာ ရရှိနိုင်မည်ဖြစ်သည်။ အဆင့်မြှင့်တင်လိုက်သော အကောင့်များသည် Battlegrounds Plus နှင့် ဂိမ်းအတွင်းမှ (အဝတ်အစားဒီဇိုင်းနှင့် သေနတ်ဒီဇိုင်း စသည့်)ပစ္စည်းများ (In game items) အပိုပါဝင်သော အထူး Pack တစ်ခုကို ရရှိမည်ဖြစ်သည်။

PUBG မိုဘိုင်းဗားရှင်းသည် ဂိမ်းကို အခမဲ့ကစားခွင့်ပေးထားပြီး ဝင်ငွေကို ကြော်ငြာများ၊ဂိမ်း အတွင်းမှ မရှိမဖြစ်လိုအပ်ချက် မဟုတ်သည့် အပိုပစ္စည်းများနှင့် ဂိမ်းအတွင်းငွေကြေး(In game money)များ ရောင်းချခြင်းဖြင့်သာ ပြန်လည်ရယူခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ဂိမ်းကို အခမဲ့ပေး၍ ဂိမ်းအတွင်းမှ အပိုပစ္စည်းနှင့် ငွေကြေးများကိုသာ ရောင်းချသည့် Freemium ဟု ခေါ်သော ဂိမ်းများသည် လက်ရှိအချိန်တွင် အလွန်တွင်ကျယ်လာရာ PUBG Mobile သည် မကြာသေးမီကပင် PUBG မှ ခွဲထွက် လာသော PUBG: New State အပါအဝင် Fortnite, Call of Duty နှင့် Garena Free Fire ကဲ့သို့သော ပုံစံဆင်တူ နာမည်ကြီး မိုဘိုင်းဂိမ်းများနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နေရကြောင်း သိရသည်။

ကျော်ဇင်ဦး၊ ကိုးကား- The Indian Express