ပုစွန်သားဖေါက်စခန်းများ တည်ထောင်၍ ထုတ်လုပ်ရောင်းချသွားရန် ဆောင်ရွက်မည်

mdn

မြိတ် ၂၅ နိုဝင်ဘာ

 

မြိတ်နှင့် ထားဝယ်တွင် ပုစွန်သားဖေါက် စခန်းများ  တည်ထောင်၍ ထုတ်လုပ် ရောင်းချသွားရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မြိတ်ရေထွက်ပို့ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

 

“ပုစွန်သားဖေါက် ထုတ်လုပ်ပြီးတော့ ရောင်းတဲ့ကုမဏီတွေလည်း ရှိနေတယ်။ ဒါတွေကတော့ သီးသန်ပေါ့။ ဒီစခန်းတွေကို လာမယ့်နှစ်အတွင်းမှာ ဖွင့်လှစ်နိုင်အောင် ကြိုးစားသွားမယ်။ ဖွင့်လှစ်နိုင်ဖို့ ငါးလုပ်ငန်း ဦးစီးဌာနနဲ့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းသွားမယ်။ အဲ့ဒီ လိုအကောင်အထည်ဖော်ရာကနေ ထွက်ရှိလာမယ့် သားပေါက်တွေကို ပုဂ္ဂလိက ပုစွန်မွေးမြူရေး လုပ်ငန်းရှင်တွေဆီ ဖြန့်ဖြူးရောင်းချပေးမှာပါ။

 

 မွေးမြူရေးပုစွန်သုံးစွဲမှုကို ကြည့်ရင် နှစ်စဉ် တိုးတက်လာတယ်။ ထုတ်လုပ်မှု အပိုင်းမှာတော့ ကျဆင်းလာတာ တွေ့ရတယ်။ စားသုံးသလောက် တိုးချဲ့မွေးမြူဖို့လည်း လိုအပ်တယ်။ ဒီနှစ်ထဲမှာ ပုစွန်မွေးမြူထုတ်လုပ်မှု ကျဆင်းရတာဟာ ပုဂ္ဂလိကမွေးမြူသူတွေ အနေနဲ့ ပုစွန်ကန်တွေမှာ သားပေါက် ထည့်မွေးချင်ပေမယ့် အရည် အသွေးကောင်းတဲ့ သားပေါက်တွေ အလုံအလောက် မရရှိခဲ့တာရယ် ငွေကြေးလိုအပ်ချက်တွေရယ်ကြောင့် ဖြစ်ပါတယ်”ဟု ရေထွက်လုပ်ငန်းရှင် ဦးညိုမြင့်က ပြောသည်။

 

ရေငန်ပုဇွန်မွေးမြူရေးလုပ်ငန်း ပျက်စီးရခြင်း အဓိကအကြောင်းအရင်းများမှာ နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ခံရမှုကြောင့် ဈေးကွက်ကောင်း မရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမူများလာခြင်း၊ မွေးမြူထုတ် လုပ်သူများ အနေဖြင့် လိုအပ်သော ငွေကြေး မလိုက်နိုင်ခြင်း၊ မြစ်ချောင်း အင်းအိုင်များတွင် သားငါး ပုဇွန် ရှားပါးလာခြင်း တို့ကြောင်း ဖြစ်သည်ဟု ဆိုသည်။

 

“လွန်ခဲ့တဲ့ ၁၀ စုနှစ်က ရခိုင်ရေငန်ပုဇွန်မွေးမြူရေး တော်တော့ကို အောင်မြင်ခဲ့ပါတယ်။ သဘာဝနဲ့  မွေးမြူတယ် ဆိုပေမယ့် သူ့အတိုင်းအတာရ တော်တော့ကို အောင်မြင်ပြီး မွေးမြူတဲ့ လူတွေနဲ့ အကျိုးခံစားခွင့် ရှိခဲ့ပါတယ်။ ဒီကနေ့ အခြေအနေအရ ရေငန်ပုဇွန်က တော်တော့ကို ကျဆင်းသွားခဲ့ပါတယ်။ ထုတ်လုပ်တဲ့လူတွေ တွက်ခြေ ကိုက်တဲ့ အနေအထားမှာတောင် မရှိဘူး။ ဒါကြောင့် ဒီအခြေအနေကနေ ဘယ်လို ကျော်လွှားလာခဲ့တာ အခုတော့ အခြေအနေ ကောင်းလာကြပါပြီ။ ပုဇွန် သားဖောက်စခန်းတွေကနေ ပြည်တွင်းစားသုံးမှု လုံလောက် စေမှာ ဖြစ်ပါတယ်” ဟု ထားဝယ်မြို့ ပုဇွန်မွေးမြူရေး လုပ်ငန်းမှ ဦးမင်းမင်း ကပြောသည်။

 

မြန်မာ့ပုဇွန်နှင့် အမျိုးအစားတူတင်သွင်းသည့် ထိုင်းပုဇွန်များသည် ပြည်တွင်း ပုဇွန်ဈေးနှုန်းများထက် တစ်ပိဿာလျှင် အရွယ်အစားအလိုက် ကျပ် ၁၀ဝ၀ မှ ကျပ် ၂၅၀ဝ အထိ ဈေးနှုန်း ကွာခြားပြီး ဈေးကွက် ပိုမိုရရှိနေကြောင်း သိရသည်။ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်များကို ထိုင်းဘက် တင်ပို့လျက်ရှိပြီး ထိုင်းဘက်မှလည်း တင်ပို့လျက်ရှိသည်။

 

MDN