၁၃  မေ

 

ရာဇသတ်ကြီးဥပဒေ (Penal Code) ပါ အသရေဖျက်မှုအတွက် ပြဋ္ဌာန်းချက်ဖြစ်သော ပုဒ်မ ၅၀ဝ တွင် ပြစ်မှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များနှင့်အတူ ပြစ်မှုကင်းလွတ်ခွင့်ရရှိမည့် အချက် (၁၀)ချက် ပြဋ္ဌာန်းထားပါသည်။ အထူးဥပဒေများတွင် အသရေဖျက်မှုများ ပြဋ္ဌာန်းထားရှိသော်လည်း ရာဇသတ်ကြီးမှာကဲ့သို့ အင်္ဂါရပ်များနှင့် ကင်းလွတ်ချက်များပါ ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။

 

အထူးဥပဒေပါ အသရေဖျက်မှုတစ်ခုခု (ဥပမာ- ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆-ဃ)အရ  အသရေဖျက်သည်ဟု စွပ်စွဲခံရသူတစ်ဦးအနေဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀ဝ ၏ အင်္ဂါရပ်များနှင့် ကင်းလွတ်ချက်များမှာ မိမိနှင့် သက်ဆိုင်ခြင်း ရှိ/မရှိ၊ မိမိခံစားခွင့် ရှိ/မရှိ မဖြစ်မနေ သိရှိထားရန်လိုအပ်မည်ဖြစ်ပါသည်။

 

ဤသည်မှာ အသရေဖျက်မှုကို နမူနာပြုတင်ပြနေခြင်း ဖြစ်ပါသည်။ အမှန်စင်စစ် ရာဇသတ်ကြီးဥပဒေတွင် အင်္ဂါရပ်များ၊ ကင်းလွတ်ချက်များနှင့်တကွ အပြည့်အစုံပြဋ္ဌာန်းထားပြီးဖြစ်သော ခိုးမှု၊ လိမ်လည်မှု၊ ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အကျိုးဖျက်ဆီးမှု အပါအဝင် ပြစ်မှုမျိုးစုံတို့ကို အထူးဥပဒေများတွင် လိုအပ်သလို ထည့်သွင်း၍ ထပ်မံပြဋ္ဌာန်းလေ့ရှိပါသည်။ ရာဇသတ်ကြီးဥပဒေပါ အင်္ဂါရပ်များနှင့် ကင်းလွတ်ချက်များမှာ အထူးဥပဒေများရှိအလားတူ ပြစ်မှုများတွင် အကျုံးဝင်သက်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့် ဥပဒေကြောင်းဆိုင်ရာပြဿနာမှာ သက်ဆိုင်ရာဥပဒေနယ်ပယ်မှ လူများအပြင်အများပြည်သူ သိရှိထားရန် လိုအပ်လျက်ရှိပါသဖြင့်  တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

 

ဥပဒေဆိုင်ရာ အထောက်အထားများ

 

တရားဥပဒေရေးရာနယ်ပယ် အသိုင်းအဝိုင်းတွင် မိမိတင်ပြ ပြောဆိုလိုသော အကြောင်းအရာကို ငါ့စကားနွားရပြောဆိုခြင်း၊ လူညီလျှင် ဤကိုကျွဲလုပ်ခြင်းစသည့် နိမ့်ကျသည့် အပြုအမူ၊ အပြောအဆိုများကို သဘောတူလက်ခံလေ့မရှိကြဘဲ အကျိုးသင့်အကြောင်းသင့် အထောက်အထား သက်သေခံများ၊ ပြဋ္ဌာန်းထားသော ဥပဒေစည်းမျဉ်းစည်းကမ်း အကိုးအကားများနှင့် ယခင်ကဖြစ်ခဲ့ဖူးသော သာဓကနမူနာများစသည့် တင်ပြပြောဆိုချက်များအပေါ် မူတည်၍သာ မိမိတို့၏လွတ်လပ်သော  ဆင်ခြင်တုံတရားဖြင့် လက်ခံလေ့ရှိကြပါသည်။

 


ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်မှုတစ်ခုချင်း၏ အင်္ဂါရပ်များနှင့် ကင်းလွတ်ခွင့်များသည်  အထူးဥပဒေများပါ  အလားတူပြစ်မှုများအတွက် အကျုံးဝင်သက်ဆိုင်စေရမည်ဟု တိတိကျကျ ပြဋ္ဌာန်းထားသော ဥပဒေတစ်ရပ်မရှိသောကြောင့် အဆိုပါ အလားတူပြစ်မှုများအတွက် မူလအင်္ဂါရပ်များနှင့်  ကင်းလွတ်ခွင့်များသည်  အကျုံးဝင်သက်ဆိုင်ပါကြောင်း ဥပဒေဆိုင်ရာ အထောက်အထား အကိုးအကားများဖြင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

 

ရာဇသတ်ကြီးနှင့် အထူးဥပဒေများ

 

ရာဇသတ်ကြီး (Penal Code) ဆိုသည်မှာ  ၁၈၆၁  ခုနှစ်ခန့်က အင်္ဂလိပ်ကိုလိုနီများ ယူဆောင်လာပြီး မြန်မာပြည်တွင် စတင်ကျင့်သုံးခဲ့သည့် ပြစ်မှုနှင့်သက်ဆိုင်သောဥပဒေကြီး ဖြစ်ပါသည်။

 

ရာဇသတ်ကြီးဥပဒေတွင်  သာမန်အားဖြင့်  နေ့စဉ်လူ့သဘာဝအရ ဖြစ်လေ့ဖြစ်ထရှိသော  ပြစ်မှုများကို  စေ့စေ့စပ်စပ် ပြဋ္ဌာန်းထားသကဲ့သို့ စကားရပ်ကိုလည်း တိတိကျကျ ပြည့်ပြည့်စုံစုံ ရေပက်မဝင်လောက်အောင် ဖော်ပြပြဋ္ဌာန်းထားပါသည်။ ထိုသို့ ပြဋ္ဌာန်းရာတွင် ပြစ်မှုတစ်ခုချင်းအတွက် ပြစ်မှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များပါရှိသည့်အပြင် အဆိုပါပြစ်မှု၏ ရည်ရွယ်ချက်နှင့် ကင်းလွတ်ခွင့်ရနိုင်မည့် အချက်များကို လေ့လာတွေ့ရှိနိုင်ပါသည်။ ရာဇသတ်ကြီးတွင် ပြစ်မှုအားလုံးအပေါ် ကင်းလွတ်ခွင့်ရနိုင်သည့် ကင်းလွတ်ရမြဲ ပြဋ္ဌာန်းချက်များကိုလည်း အခန်းတစ်ခန်းဖြင့် ပြဋ္ဌာန်းထားရှိပါသည်။ ရာဇသတ်ကြီးဥပဒေကို မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း (၁၅၀)ကျော်ခဲ့ပြီးဖြစ်ပါသည်။

 

ရာဇသတ်ကြီးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်းမှ တီထွင်တိုးတက်လာသော စက်တပ်ယာဉ်များ၊ လမ်းများ၊ လူ့အသုံးအဆောင်အသစ်အဆန်းများ၊ အရောင်းအဝယ်စနစ်သစ်များ၊ မတရားမှုအသစ်များ၊ ကျန်းမာရေးကို ထိခိုက်နိုင်သော  ဆေးဝါးအသစ်များ စသည့်  ပေါ်ပေါက်လာသော  အခြေအနေ  အသစ်အဆန်းများအရ  ပြဋ္ဌာန်းရသည့် ဥပဒေများအားလုံးသည်  အထူးဥပဒေများဖြစ်ကြရာ အဆိုပါ အထူးဥပဒေများတွင် ပြဋ္ဌာန်းရသည့် ရည်ရွယ်ချက်များ ပေါ်လွင်နေလေ့ရှိသော်လည်း အဆိုပါ ပြစ်မှုများအတွက် အင်္ဂါရပ်များနှင့် ကင်းလွတ်ချက်များ မပါရှိသည့် ဥပဒေများများစွာရှိနေပါကြောင်း တွေ့ရှိကြရမည်ဖြစ်ပါသည်။

 

ထို့ကြောင့်လည်း အဆိုပါ အထူးဥပဒေပြဋ္ဌာန်းချက်များသည် ရာဇသတ်ကြီးဥပဒေပါ အလားတူ ပြစ်မှုများ၏ အင်္ဂါရပ်နှင့် ကင်းလွတ်ချက်များ အကျုံးဝင်/မဝင်၊ ခံစားခွင့် ရှိ/မရှိ ဥပဒေပြဿနာ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။

 

သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ

 

၁၉၇၃  ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပါ အောက်ပါပြဋ္ဌာန်းချက်နှစ်ရပ်သည်  အလွန်ရိုးစင်းလှသော်လည်း အလွန်လေးနက်ပြီး အလွန်ကျယ်ဝန်းသောအနက်အဓိပ္ပာယ်များဖြင့် မိမိတို့သိရှိလိုသည့်  ဥပဒေအနက်အဓိပ္ပာယ်များကို ရှာဖွေဖွင့်ဆိုနိုင်ရန် လမ်းညွှန်ထားပါကြောင်း တွေ့ရှိရပါသည်။

 

ပုဒ်မ - ၃(က)တွင် –


ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင်  ပါဝင်သော  စကားရပ်များသည်သာမန်နေ့စဉ်သုံး အနက်အဓိပ္ပာယ်ကို ဆောင်စေရမည်။ သို့ရာတွင် ရှေ့နောက်စကားတို့၏ အဓိပ္ပာယ်နှင့်အညီ သီးခြားအဓိပ္ပာယ်ဖွင့်ဆိုပေးရန် လိုအပ်သော စကားရပ်သည် ယင်းသီးခြားအနက်အဓိပ္ပာယ်ကို ဆောင်စေရမည်။   ။ဟူ၍ လည်းကောင်း၊

 

ပုဒ်မ -  ၃(ဂ)တွင် –


ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေ မပြဋ္ဌာန်းမီက ရှိရင်းစွဲဖြစ်သော သက်ဆိုင်ရာဥပဒေများအရ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေကိုလည်းကောင်း၊ ယင်းအခြေအနေကို မည်သည့်အကြောင်းကြောင့် မည်သို့မည်ပုံ ပြင်ဆင်ရန်လိုကြောင်းကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်သည်။   ။ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

 

ထို့ကြောင့် ပုဒ်မ - ၃(က)အရ ဥပဒေများပါ စကားရပ်များသည် သာမန်အားဖြင့် လူအများနေ့စဉ်ပြောဆို ရေးသားသုံးစွဲနေသည့် အဓိပ္ပာယ်အတိုင်း သာရှိနေပြီး ဥပဒေတွင် ထူးခြားချက်(သို့မဟုတ်)  သီးခြားအဓိပ္ပာယ်ယူရန်အကြောင်းရှိပါက  ယင်းထူးခြား  သီးခြားအဓိပ္ပာယ်ကောက်ယူရမည် ဟူ၍ လည်းကောင်း

 

ပုဒ်မ-၃(ဂ)အရ မူလကရှိထားပြီးသား ဥပဒေ၏ အင်္ဂါရပ်များ၊ ကင်းလွတ်ချက်များအပါအဝင် အခြေအနေအရပ်ရပ်နှင့်  ပြင်ဆင်ရန်လိုသည့်  အခြေ အနေရှိပါကလည်း  ပြင်ဆင်နိုင်သည့်  အခြေအနေကို  ထည့်သွင်း၍  စဉ်းစားဆောင်ရွက်နိုင်သည်ဟူ၍လည်းကောင်း လမ်းòန်ထားခြင်းဖြစ်ပါသည်။

 

သို့ပါ၍ နေ့စဉ်လူ့သဘာဝအလျောက် ဖြစ်လေ့ဖြစ်ထရှိသော ရာဇသတ်ကြီးဥပဒေပါပြစ်မှုများနှင့် ယင်းပြစ်မှုများ၏ အင်္ဂါရပ်များ၊ ကင်းလွတ်ခွင့်များသည် မြန်မာနိုင်ငံတွင် ရှေးဦးမူလပြဋ္ဌာန်းချက်များဖြစ်ကြောင်းနှင့် အထူးဥပဒေများ မပြဋ္ဌာန်းမီက ရှိရင်းစွဲပြဋ္ဌာန်းဥပဒေဖြစ်ကြောင်း ထင်ရှားနေပါသည်။ ထို့ကြောင့်အထက်ဖော်ပြပါ ပုဒ်မ- ၃(က)နှင့် ပုဒ်မ- ၃(ဂ)တို့အရ ရာဇသတ်ကြီးပါ ပြစ်မှုများ၏ အင်္ဂါရပ်များနှင့် ကင်းလွတ်ခွင့်များသည် အထူးဥပဒေများပါ အလားတူပြစ်မှုများအတွက် အင်္ဂါရပ်များနှင့် ကင်းလွတ်ခွင့်များအဖြစ် အကျုံးဝင်လျက်ရှိပါကြောင်း အခိုင်အမာထင်ရှားပေါ်ပေါက်နေပြီးဖြစ်ပါသည်။

 

သို့သော်လည်း ပုဒ်မ-၃(က)ပြဋ္ဌာန်းချက်ပါ ရှေ့နောက်စကားအဓိပ္ပာယ်ဖော်ပြချက်တို့အရ သီးခြားအဓိပ္ပာယ်ဆောင်နေလျှင်ဖြစ်စေ၊ ပုဒ်မ-၃(ဂ)ပြဋ္ဌာန်းချက်ပါ အခြေအနေအရ  ပြင်ဆင်စဉ်းစားသုံးသပ်ရန်လိုလျှင်ဖြစ်စေဟူသော  အကြောင်းအရာမျိုး  အထူးဥပဒေပြဋ္ဌာန်းချက်များ၌  ပါရှိနေပါက ရာဇသတ်ကြီးဥပဒေပါ အင်္ဂါရပ်များနှင့်   ကင်းလွတ်ချက်များအားလုံးသည် အပြည့်အဝ အကျုံးမဝင်နိုင်တော့ကြောင်းနှင့် အပြောင်းအလဲများ ဖြစ်နိုင်ပါကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

 

သာဓကစီရင်ထုံး


ဦးသန်းနိုင်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၁၆၀၉)အမှုတွင် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး (အထူးခုံရုံး)မှ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော  ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ-၃ အရ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို  စီရင်ရာတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၅ ၌ ပြဋ္ဌာန်း ထားသောအင်္ဂါရပ်များကို  ရည်ညွှန်းကိုးကား  သုံးသပ်ဆုံးဖြတ်ခဲ့သည့်စီရင်ထုံးကို  ထောက်ရှုခြင်းအားဖြင့်လည်း တရားစီရင်ရာတွင် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်များကို ကိုးကားအသုံးပြုကြောင်း သာဓကနမူနာရှိနေပြီး ဖြစ်ပါသည်။

 

အခြားသတိပြုရမည့် အချက်များ


၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ- ၃ ပါ အောက်ပါအချက်နှစ်ခုကိုလည်း သတိပြုရန်လိုပါသည်။

 

ပုဒ်မ - ၃(ဃ)တွင်


အထူးဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော    ပြဋ္ဌာန်းချက်တစ်ရပ်သည်ယေဘုယျ  ဥပဒေတစ်ရပ်တွင်ပါရှိသော  သက်ဆိုင်ရာ  ပြဋ္ဌာန်းချက်ကိုလွှမ်းမိုးသည်။ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော အထူးပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည်   ယင်းဥပဒေတွင်ပါရှိသော   ယေဘုယျပြဋ္ဌာန်းချက်ကို   လွှမ်းမိုးသည်။  ။ ဟူ၍လည်းကောင်း၊

 

ပုဒ်မ - ၃(ဆ)တွင်


ရှေးဦးကျသော ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်နှင့် နောက်ကျသော ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ကို ကွဲလွဲဆန့်ကျင်နေပါက  နောက်ကျသော  ဥပဒေ ပြဋ္ဌာန်းချက်သည်  အတည်ဖြစ်စေရမည်။        ။ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

 

သို့ပါ၍ အထက်ပါ ပြဋ္ဌာန်းချက်နှစ်ရပ်မှာ ရာဇသတ်ကြီးပါ အင်္ဂါရပ်များနှင့်  ကင်းလွတ်ချက်များကို အထူးဥပဒေများတွင်  အသုံးပြုသည့်အခါ သတိပြုရမည့်အချက်များဖြစ်ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။


နိဂုံးဥပဒေတစ်ရပ် ပေါ်ထွက်လာပြီဆိုလျှင် ဥပဒေကို လေးစားလိုက်နာရမည့်သူများနှင့် ဥပဒေကို လက်တွေ့ကျင့်သုံးရမည့်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ လိုက်နာကျင့်သုံးနိုင်ကြရန်   အလွန်အရေးကြီးပါသည်။ ပြဋ္ဌာန်းလိုက်သော ဥပဒေတစ်ရပ်ကြောင့် ဥပဒေပြဿနာများ ပေါ်ပေါက်လာနိုင်သကဲ့သို့  ပြည်သူများလည်း  ထိခိုက်နစ်နာဆုံးရှုံးမှုရှိလာပါက ထိုဥပဒေကို ပြုခဲ့သူများအနေဖြင့် တာဝန်ယူတာဝန်ခံကြရမည် ဖြစ်ပါသည်။

 

မည်သို့ပင်ရှိစေကာမူ ရှေးခေတ်က မြန်မာ့ဥပဒေပညာရှင်ကြီးများ၏ လေးနက်တည်ကြည်သော ဥပဒေပညာစွမ်းဆောင်ရည်များကြောင့် အထူးဥပဒေများတွင် လိုအပ်နေသော အင်္ဂါရပ်များနှင့် ကင်းလွတ်ခွင့်များကို နိုင်ငံသားများအနေဖြင့် တရားမျှတစွာ ခံစားခွင့်ရရှိလျက်ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။

 

မှတ်ချက်။          ။  စာရေးသူ၏  ကြယ်ပွင့်မပြမေးခွန်းအား  ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၏ (၁၁.၁၀.၂၀၁၇) ရက်စွဲပါ ဖြေဆိုချက်အပေါ် ကိုးကားတင်ပြပါသည်။    


ဦးဌေးဦး(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)


မောင်ဌေးဦး(စိန်ဂျွန်း)