ပုဂံ - ချောက် သွားကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပုဂံ ၂၇ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ချောက် သွားကားလမ်းမပေါ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားပြီး အဆိုပါ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး၊ တစ်ဦး (ပြင်းထန်) ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုဂံနယ်မြေ ရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပုဂံ-ချောက် သွားကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းရရှိ၍ ဒုရဲအုပ် ကြည်မင်းနိုင်သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စုံစမ်းစစ်ဆေးရာ ပုဂံ - ချောက်သွားကားလမ်း သာယာဝတေ့ဘုန်းတော်ကြီးကျောင်းအနီး တွင် တောင်မှ မြောက်သို့ ကိုဇော်ဌေး မောင်းနှင်ပြီး နောက်တွင် ဝင်းမြတ်ထူး လိုက်ပါလာသော ဆိုင်ကယ်သည် အချက်ပြမီးပြ၍ ကားလမ်းအရှေ့ဘက်သို့ ချိုးကွေ့စဉ် မြောက်မှ တောင်သို့ ချမ်းမြေ့အောင် မောင်းနှင်လာသော အဖြူရောင်ယာဉ်မှ အရှိန်ပြင်းစွာ မောင်းနှင်လာပြီး အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်၏ ခါးလယ်ပိုင်းအား ဝင်ရောက်တိုက်မိပြီးနောက် ကားလမ်းအရှေ့ဘက်ခြမ်းရှိ  သစ်ပင်အား ဝင်ရောက်တိုက်မိခဲ့သည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ကိုဇော်ဌေးသည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံး သွားခဲ့ပြီး ဆိုင်ကယ်နောက်မှ စီးနင်း လိုက်ပါလာသည့် ဝင်းမြတ်ထူးတွင် ဒဏ်ရာ(စိုးရိမ်ရ) တို့ရရှိပြီး ညောင်ဦးပြည်သူ့ ဆေးရုံကြီးသို့ ဆေးဝါးကုသရန် ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်သူ စလင်းမြို့နယ်၊ မြေနုကျေးရွာနေ ချမ်းမြေ့အောင်အား ပုဂံနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် (ညောင်ဦး)