ညောင်ဦး ၁၃ စက်တင်ဘာ
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်းရှိ ဆေးလိပ်ငွေ့ ကင်းစင်နေရာများ သတ်မှတ် စံနှုန်းများနှင့် ညီမညီစစ်ဆေးရေး အလုပ်ရုံဆွေးနွေးပွဲကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ဆေးလိပ်ငွေ့ကင်းစင် ပုဂံဒေသတစ်ခွင် အစီအစဉ်ဖြင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း၏ ပံ့ပိုးမှုနှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဆေးလိပ်ငွေ့ကင်းစင်ရေး လှုပ်ရှားမှုများ၊ အသိပညာပေး လုပ်ငန်းများ၊ ဆေးလိပ်ငွေ့ ကင်းစင်နေရာအဖြစ် သတ်မှတ်နိုင်ခဲ့သည့် နေရာ(၄၈) ခုအား သတ်မှတ် စံချိန်စံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးမည့် ပုံစံများနှင့် ထပ်တိုးသတ်မှတ်မည့် ဆေးလိပ်မသောက်ရ နေရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပုဂံဒေသ ဆေးလိပ်ငွေ့ ကင်းစင်ရေး လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များမှ ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်များအား ပြန်လည်ဝေမျှခဲ့ကြပြီး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်း ဆောင်ရွက်စဉ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်တင်ပြခဲ့ကြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသရှိ ဂေါပကအဖွဲ့ရှိသော ဘုရား/စေတီ (၁၅) ဆူ၊ ဌာနဆိုင်ရာရုံး (၅)၊စာသင်ကျောင်း (၄) ကျောင်း၊ စားသောက်ဆိုင် (၆)ဆိုင်၊ ဟိုတယ်/တည်းခိုခန်း (၁၅)လုံး၊ ကလေးကစားကွင်း (၃)ကွင်း စုစုပေါင်း နေရာ (၄၈) ခုကို ဆေးလိပ်ငွေ့ ကင်းစင်နေရာ သတ်မှတ်ခြင်း၊ အသိပညာပေးခြင်း၊ ဆေးလိပ်သောက်ရန် နေရာစနစ်တကျသတ်မှတ်ပေးခြင်း၊ အများပြည်သူများ သိရှိစေရန် ဗီနိုင်း၊ ပိုစတာများ ချိတ်ဆွဲအသိပညာခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ညောင်ဦးခရိုင် ပြန်/ဆက်ရုံး၊ ၂၅ ကုတင်ဆန့်ညောင်ဦးတိုင်းရင်းဆေးရုံ၊ PIC Information Centre ၊ တုရင်တောင်ဘုရား၊ မဟာဗောဓိဘုရား၊ အ.ထ.က(မြင်းကပါ)၊ အ.လ.က(တောင်ဘီလယ်ယား) နှင့် ညောင်ဦးအားကစားကွင်း စသည့်နေရာ (၈)ခုကို ဆေးလိပ်ငွေ့ ကင်းစင်နေရာများအဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲအရ သိရသည်။
ဖေလိန်း(ပုဂံ)


