ညောင်ဦး ၂ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းစေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ လာရောက်ကြသူများအား လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ကော်မတီမှဦးဆောင်ကာ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဝင်ရောက်လာသည့် အနယ်နယ်အရပ်ရပ်မှ လာရောက်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေး ဩဂုတ် ၁ ရက် ညနေ ၅ နာရီက အဖွဲ့ ၄ ဖွဲ့ခွဲကာ Mask Campaing ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဝင်ရောက်လာသည့် အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ ရှေးဟောင်းဇုန်သို့ လာရောက်သူတိုင်း လိုက်နာကြရန်၊ ညောင်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ပုဂံ-ညောင်ဦး ဧည့်လမ်းညွှန် အသင်းသား/သူများ၊ ပုဂံပလတ်စတစ်အဖွဲ့သားများ၊ ခေတ်သစ်မောင်မယ်အဖွဲ့သားများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း လူအင်အား ၅၀ ခန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်လ္ဘက်ကန် နေဝင်ဆည်းဆာကြည့်ကုန်း၊ စူဠာမဏိ နေဝင်ဆည်းဆာကြည့်ကုန်း၊ အိုးခြမ်းပဲ့ နေဝင်ဆည်းဆာကြည့်ကုန်း၊ ကျောက်မျက်မော် ဧရာဝတီမြစ်ကမ်းဘေး ရှုခင်းကြည့်နေရာ ၄ နေရာအား အဖွဲ့ ၄ ဖွဲ့ခွဲ၍ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေလာ ပြည်သူများအားလုံး Mask စနစ်တကျတပ်စေရေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ သိရှိလိုက်နာနိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းများအား စည်းရုံးဟောပြောဆွေးနွေးခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဇုန်လာ ပြည်သူများအနေဖြင့် အမှိုက်များ၊ ပလတ်စတစ်များ ကြုံသလိုမစွန့်ပစ်စေရေးနှင့် အမှိုက်ပုံးများတွင် စွန့်ပစ်ကြရန် ပလတ်စတစ်အဖွဲ့မှ စည်းရုံးပညာပေးခြင်းလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြပြီး Mask Campaing ပြုလုပ်ခဲ့ရာ Mask အခုရေ ၂၀၀၀ မျှဝေတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)