ညောင်ဦး   ၁  ဩဂုတ်   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ် မြေတွင် ယနေ့နံနက်ပိုင်းက ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက် အဖွဲ့အသီးသီးမှပူးပေါင်းပါဝင်ကာ ပလတ်စတစ်အမှိုက်ကောက်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ  ညောင်ဦးခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ပြီး ပုဂံမြို့သစ်စိမ်းညက် ညီအမဘုရားမှစတင်ကာ လမ်းဘေးဝဲယာရှိ ပလတ်စတစ်အမှိုက်များ၊ ဖော့ဘူးခွံများ၊ ကောက်ယူကာ ကုမုဒြာဟိုတယ် သွားရာလမ်းနှင့် ဘေးဘက်ကွင်းပြင်ရှိ ပလပ်စတစ်အမှိုက်များလိုက်လံ ကောက်ယူရှင်းလင်းခဲ့ကြောင်း ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင် ထံက သိရသည်။

 

ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံဓာတ်ဆားဖျော်ရည်ဘူးများ၊ ပလတ်စတစ်ကမ်ပိန်းမှကောက်ညှင်း ပေါင်းများဖြင့် အာဟာရဒါနပြုခဲ့ကြောင်း သိရသည်။

 

စနေနေ့တိုင်း ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန်အား ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့မှ ဦးဆောင်ကာ ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုဇုန် ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်အမှိုက်ကောက်ကြကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း