ညောင်ဦး အောက်တိုဘာ ၂၇

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦ ပတ်ဝန်းကျင်၌ ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြားလာခြင်းကြောင့် မိသားစုဝင်ငွေ အထိုက်အလျောက် ရရှိလာကြောင်း သဗ္ဗညု ဘုရားကြီးတောင်ဘက် ကားရပ်နားကွင်းတွင် လက်အလှပန်းချီရေးဆွဲနေသည့် ဒေါ်ခိုင်ဇာထွန်းက ပြောသည်။

 

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစတင်ပြီး ဂေါကပရှိသည့် ဘုရား ၁၉ ဆူ ပိတ်ထားခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်မှု နည်းပါးခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြင်းလှည်း၊ တုတ်တုတ်၊ အီးဗိုက်၊ တိုးကား၊ တိုးဂိုက်၊ အငှားလိုက်သူများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ဘုရားဖူးလာရောက်မှု နည်းပါးခြင်းများက ဧည့်သည်များ မှီခိုလုပ်ကိုင်ရသည့် ပုဂံ-ညောင်ဦး ဒေသအတွက် ခက်ခဲမှုဖြစ်လာခဲ့သည်မှာ နှစ်နှစ်ကျော်နီးပါး ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် သီးတင်းကျွတ်လပြည့်နေ့မှစတင်ပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး၊ လေ့လာရေး လာရောက်လျက်ရှိကြရာ ဘုရားဖူးခရီးသည် များပြားလာခဲ့ပြီး မြင်းလှည်းအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူများ တဖြည်းဖြည်းများလာကြောင်း၊ မိသားစုဝင်ငွေ ဖြည့်တင်းလာနိုင်ခြင်းနှင့်အတူ နောက်ထပ် ပြည်တွင်းဘုရားဖူးများ များလာခြင်းဖြင့် ပုဂံ-ညောင်ဦး ဒေသခံများ စီးပွားရေး ပြန်လည်အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီ ရေးဆွဲနေသည့် ဦးတင်စိုးက ရှင်းပြသည်။

 

ပုဂံဒေသတွင် လက်အလှပန်းချီရေးဆွဲမှုများ ခေတ်စားနေခဲ့ရာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လက်အလှပန်းချီရေးခြယ်မှု မြင့်တက်လာနေပြီး ပုံစံအမျိုးမျိုးဖြင့် ရေးဆွဲကြကြောင်း၊ မိန်းခလေး၊ ယောကျ်ားလေး လူကြီး၊ လူငယ်၊ လူလတ်များအားလုံး လက်ရေးပန်းချီ တတ်မြောက်ကြကာ ငါးရာကျပ်မှ ငါးထောင်ကျပ်တန်ထိ လက်အလှပန်းချီဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တပတ်ခံထိရေးဆွဲကြကာ သုံးစွဲသည့် ဆေးအပေါ်မူတည်ကာ ဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်းဖွံ့ဖြိုးစဉ်က ယွန်းလုပ်သမများ၊ ယွန်လုပ်သားများ လက်အလှပန်းချီဆိုင်များ ဖွင့်လှစ်ကာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများကလည်း လက်အလှပန်းချီ၊ လက်ဆွဲပန်းချီများ ဆွဲလာခြင်းက ပုဂံ-ညောင်ဦး မြို့ခံများ အလုပ်အကိုင် အခွင့်လမ်းများ ရရှိလာစေပြီး မိသားစုဝင်ငွေလည်း ဖြည့်ဆည်းပေးနိုင်တော့မည်ကြောင်း ရွှေစည်းခုံဘုရားတွင် လက်ရေးပန်းချီ ရေးဆွဲနေသည့် မပန်းမြတ်လှက ရှင်းပြ၍သိရကာ လက်အလှပန်းချီရေးဆွဲသူ များပြားလာကြောင်းလည်း သိရသည်။

 

ကိုကြေးမုံ