ညောင်ဦး နိုဝင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦ ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် လက်အလှပန်းချီဆိုင်များတွင် လက်အလှပန်းချီဆွဲမှု များပြားလာခြင်းကြောင့် မိသားစုဝင်ငွေ အထိုက်အလျောက် ဝင်ငွေရှိလာကြောင်း ရွှေစည်းခုံဘုရားတွင် လက်အလှပန်းချီဆွဲနေသည့် ဒေါ်ခိုင်ဇာထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှစတင်ပြီး ဂေါပကရှိသည့် ဘုရား ၁၉ ဆူ ပိတ်ထားခဲ့ပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်မှု နည်းပါးခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြင်းလှည်း၊ တုတ်တုတ်၊ အီးဗိုက်၊ တိုးကား၊ တိုးဂိုက်၊ အငှားလိုက်သူများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ ဘုရားဖူးလာရောက်မှု နည်းပါးခြင်းများက ဧည့်သည်များမှီခိုလုပ်ကိုင်ရသည့် ပုဂံ-ညောင်ဦးဒေသအတွက် ခက်ခဲမှုဖြစ်လာခဲ့သည်မှာ နှစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုနှစ် သီးတင်းကျွတ်လပြည့်နေ့မှစတင်ပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး၊ လေ့လာရေးလာရောက်လျက်ရှိကြရာ ဘုရားဖူးခရီးသည် တဖြည်းဖြည်းများပြားလာခဲ့ပြီး မြင်းလှည်းအငှားလိုက်သူများ၊ အီးဗိုက်အငှားလိုက်သူများ များလာကာ မိသားစုဝင်ငွေ ဖြည့်တင်လာနိုင်ခြင်းနှင့်အတူ နောက်ထပ်ပြည်တွင်းဘုရားဖူးများ တဖြည်းဖြည်းများလာခြင်းဖြင့် ပုဂံ-ညောင်ဦးဒေသခံများ စီးပွားရေး ပြန်လည်အဆင်ပြေလာနိုင်ကြောင်း လက်အလှပန်းချီရေးဆွဲနေသည့် ဦးတင်စိုးက ရှင်းပြသည်။

ပုဂံဒေသတွင် လက်အလှပန်းချီရေးဆွဲမှုများ ခေတ်စားနေခဲ့ရာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများ လက်အလှပန်းချီရေးခြယ်မှု မြင့်တက်လာနေပြီး ပုံစံအမျိုးမျိုးဖြင့် ရေးဆွဲကြကြောင်း၊ မိန်းခလေး၊ ယောကျ်ားလေး လူကြီး၊ လူငယ်၊ လူလတ်များအားလုံး လက်ရေးပန်းချီတတ်မြောက်ကြကာ ငါးရာကျပ်မှ ငါးထောင်ကျပ်တန်ထိ လက်အလှပန်းချီဆွဲပေးကြကြောင်း၊ တစ်ရက်ခံ၊ နှစ်ရက်ခံမှ တပတ်ခံထိရေးဆွဲကြကာ သုံစွဲသည့် ဆေးအပေါ်မူတည်ကာ ဈေးကွာခြားကြောင်း၊ ယွန်းလုပ်ငန်းဖွံ့ဖြိုးစဉ်က ယွန်းလုပ်သမများ၊ ယွန်လုပ်သားများ လက်အလှပန်းချီဆိုင်များ ဖွင့်လှစ်ကာ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးများကလည်း လက်အလှပန်းချီ၊ လက်ဆွဲပန်းချီများ ဆွဲလာခြင်းက ပုဂံ -ညောင်ဦး မြို့ခံများ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာစေပြီး မိသားစုဝင်ငွေလည်း ဖြည့်ဆည်းပေးနိုင်တော့မည်ကြောင်း ရွှေစည်းခုံဘုရားတွင် လက်ရေးပန်းချီရေးဆွဲနေသည့် မပန်းမြတ်လှက ရှင်းပြ၍ သိရသည်။

ကိုထိန် (ကျောက်ပန်းတောင်း)