ညောင်ဦး ၁၉ ဇူလိုင်

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ကိုဗစ်-၁၉ ရောဂါ ကွယ်ထိန်းချုပ်ချိန်မှစတင်ကာ လာရောက်လည်ပတ်သည့် ဘုရားဖူးဧည့်သည် မရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် ပျှမ်းမျှ ၁၀၀၀ ခန့် ဝင်ရောက်လာလျက်ရှိကြောင်း ထီလိုမင်းလို ဘုရားဂေါပကအဖွဲ့ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ၊ (ကမ္ဘာ့အမွေအနှစ် စာရင်းဝင်)သည် ဆယ့်နှစ်ရာသီကာလပတ်လုံး ပြည်တွင်းပြည်ပ ခရီးသွားများ အမြဲမပြတ်ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်လမ်းညွှန်မှု၊ ညောင်ဦးခရိုင် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုတို့ဖြင့် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ စေတီ၊ ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ လာရောက်လည်ပတ်ခွင့်၊ ဖူးမြော်ခွင့်များ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ညောင်ဦးမြို့နယ် ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ဘုရားများဖူး ဖူးမြော်ခွင့်အား နံနက် နာရီမှ ညနေ နာရီအထိ ဖူးမြော်ခွင့်ပေးထားရာ တနင်္လာနေ့မှ သောကြာနေ့များတွင် ဘုရားဖူးဧည့်သည်(ပြည်တွင်း) ၁၀၀၀ ခန့် ပုံမှန်လာရောက်ဖူးမြော်ကြပြီး စနေ၊ တနင်္ဂနွေရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ၂၀၀၀ ကျော် လာရောက်နေကြောင်း သိရသည်။

ပြည်တွင်းဘုရားဖူးဧည့်သည် အများစုက ပုဂံ-ညောင်ဦးဒေသ၏ သမိုင်းဝင်၊ အထင်ကရ ဘုရားများဖြစ်ကြသည့် ရွှေစည်းခုံဘုရား၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဗူးဘုရား၊ ဓမ္မရံကြီးဘုရား၊ လောကနန္ဒာစွယ်တော်ဘုရား၊ အလိုတော်ပြည့်ဘုရား၊ ဓမ္မရာဇကဘုရားနှင့် သဗ္ဗညုဘုရားများသို့ ဘုရားဖူးလာရောက်မှု စနေ၊ တနင်္ဂနွေရက်များတွင် ၁၀၀၀ ကျော် လာရောက်ကြကြောင်း၊ သမိုင်းဝင်၊ အထင်ကရဘုရားများသို့ ဘုရားဖူးဝင်ရောက်ရာတွင်လည်း ဘုရားဝင်းအတွင်း မဝင်မီ Mask တပ်ဆင်၍ ဝင်ရခြင်း၊ လက်ဆေးဇလုံများ၊ စင်များတွင် လက်ဆေးစေခြင်း၊ ဘုရားဖူးလာရောက်သည့် ဒေသနှင့် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့အား စာရင်းကောက်ယူ မှတ်တမ်းထားရှိကြောင်း ထီးလိုမင်းလိုဘုရားဂေါပက အတွင်းရေးမှူး ဦးတင်လှဦးက ရှင်းပြသည်။ ထိုသို့ ဘုရားဖူးဧည့်သည်များ လာရောက်ခြင်းကြောင့် လမ်းဘေးထမင်းဆိုင်၊ အသုပ်ဆိုင်များ ပြန်လည်စားသုံးသူ များလာခြင်း၊ ရှေးဟောင်းဘုရားပတ်ဝန်းရှိ ထနောင်းပင်၊ တမာပင်များတွင် အလှဓာတ်ပုံရိုက်ရန် ချိတ်ဆွဲထားသည့် ဇော်ဂျီရုပ်၊ ဘီလူးရုပ်၊ အမတ်ရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကိန္ဒရီ၊ ကိန္ဒရာရုပ်များ၊ မင်းသား၊ မင်းသမီးရုပ်များနှင့် ဓာတ်ပုံရိုက်သူ များပြားလာပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုတစ်ခွင်လုံး ပြန်လည်စည်ကားလာနေပြီဖြစ်ကြောင်း ညောင်ဦးဒေသခံ ကိုနေဝင်းမောင်က ပြောပြ၍ သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

4176