ညောင်ဦး ၊ ၈  ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း မြို့သာယာ လှပရေးအတွက် LED လမ်းမီးလုံးကြီး ၄၄၄ လုံး တိုးချဲ့တပ်ဆင်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း ညောင်ဦးခရိုင် လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်ထံက သိရသည်။

 

အဆိုပါ LED လမ်းမီးလုံးကြီး ၄၄၄ လုံးအား တိုးချဲ့တပ်ဆင်ပြီး လမ်းမီးထွန်းနိုင်ရန် အတွက် လမ်းမီးသုံးပြုသည့် လျှပ်စစ်ထရန်စဖော်မာများ အကြီးစား ပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းမီး ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက် လျှက်ရှိကြောင်း အဆိုပါ လုပ်ငန်းများကို ပုဂံဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေး ရန်ပုံငွေကျပ် သန်း(၂၅၂၀) ကျခံဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွားမြို့တော်ဖြစ်သည့် ရှေးဟောင်းပုဂံ-ညောင်ဦး ပတ်ဝန်းကျင် ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ညောင်ဦး ခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်ထံမှ သိရသည်။

 

LED မီးလုံးကြီးများတိုးချဲ့တပ်ဆင်ပြီး လမ်းမီးများထွန်းလင်းခြင်းဖြင့် ရှေးဟောင်း ပုဂံ-ညောင်ဦး ဒေသတွင်း မြို့သာယာလှပပြီး ဒေသအတွက်လုံခြုံရေးပါ အထောက်ကူပြုကြောင်း၊ လမ်းမီးသုံးပြုသည့် ထရန်စဖော်မာများ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းနှင့်လမ်း မီးထရန်စဖော်မာများ တိုးချဲ့တပ်ဆင် တည်ဆောက်ခြင်းကြောင့် လမ်းမီးများကို လျှပ်စစ်ဓာတ်အား စံချိန်စံညွှန်းနှင့်အညီ ဗို့အားပြည့်ပြည့်ဝဝဖြင့် အလင်းအားကောင်းမွန်စွာ ထွန်းလင်းပေးနိုင်မည် ဖြစ်ကြောင်း ၊လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် လျော့နည်းကျဆင်းပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် ထရန်စဖော်မာများ ချို့ယွင်းလောင်ကျွမ်းပျက်စီးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် ပုဂံ-ညောင်ဦးဒေသ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး တင်ဒါ ကော်မတီဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ ဦးကျော်မျိုးအောင်၏ ပြောပြချက်အရ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)