ညောင်ဦး ဒီဇင်ဘာ ၂၅
ဒီဇင်ဘာခရစ္စမတ် ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများသို့ ပြည်တွင်းဘုရားဖူး ဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။
ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့်ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ပခုက္ကူမြို့နယ်တန့်ကြည်တောင် စွယ်တော်မြတ်စေတီ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗေညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနူဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် ယာဉ်များထားသည့်နေရာအခက်အခဲဖြစ်သည်အထိ ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည်များပြားလျက်ရှိကြောင်း သိရသည်။
ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်း / ပြည်ပ ခရီးသွားအဆက်မပြတ်လာရောက်သည့်မြို့ဖြစ်ကာ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ဘုရားဖူးလာရောက်သူနှစ်သိန်းကျော် လာရောက်ဖူးမြှော်လေ့လာခဲ့ခြင်းကြောင့် ညောင်ဦးမြို့၊ ပုဂံမြို့ရှိဟိုတယ်၊တည်းခိုရိပ်သာများအားလုံးပြည့်နေပြီး နေ့ချင်းပြန်ဘုရားဖူးကားများ၊ ဘုရားဖူးပြည်သူများလည်း အလွန်များပြားလျက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီဘဏ္ဍာတော်ထိန်းဂေါပကအတွင်းရေးမှူး ဦးထင်လင်းဦးက ပြောကြားသည်။
ပုဂံရှေဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရဘုရား၊ သာသနိကအဆောက်အအုံများနှင့် ကျောက်ပန်းတောင်း - ညောင်ဦး ကားလမ်းမကြီးတလျှောက်ဖွင့်လှစ်ရောင်းချနေကြသည့် ရိုးရာထန်းတဲများ၌လည်း ခရီးသွားဘုရားဖူးများ ဝင်ရောက်မှုများပြားလျက်ရှိနေခြင်းကြောင့် ထန်းလျှက်အမျိုးမျိုး၊ ဆုံကြိတ်ဆီဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီများ အရောင်းအဝယ်ကောင်းမွန်နေပြီး ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင်လည်း အီးဘိုက်၊ မီနီအိုးဝေ၊ မြင်းလှည်း၊ ကားအငှားလိုက်သူများနှင့် စားသောက်ဆိုင်များ၊ ပြည်တွင်းဧည့်လမ်းညွှန်များ၊ လက်အလှပန်းချီဆွဲသူများ၊ ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသူများ၊ အလှဓာတ်ပုံ(ဖုံးဖြင့်)ရိုက်ပေးသူများအားလုံး ဝင်ငွေတွက်ခြေကိုက်နေကြပြီး ညနေပိုင်းတွင်လည်းပုဂံရှုခင်း၊ ဧရာဝတီမြစ်နှင့်တန့်ကြည်တောင်တန်းနောက်ခံ နေဝင်ဆည်းဆာကြည့်ရှုရန် နေဝင်ဆည်းဆာကြည့်တောင်ကုန်းများတွင် ပြည်တွင်းပြည်ပခရီးသွားများဖြင့် စည်းကားနေကြောင်းသိရသည်။
ညောင်ဦးခရိုင်( ပြန်/ဆက်)


