၈ ဇူလိုင်

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့်  ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ်    (၄၃)    ကြိမ်မြောက်    ယူနက်စကို    ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက ဆုံးဖြတ်သတ်မှတ်လိုက်သည့်သတင်း  ထွက်ပေါ်လာသောအခါ  မြန်မာနိုင်ငံသူ  နိုင်ငံသားများ  ဝမ်းသာအားရဖြစ်ကြ၊ ဂုဏ်ယူဝင့်ကြွားကြသည်ကို တွေ့ မြင်ရသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်နှင့်  ပတ်သက်၍  ဂုဏ်ယူနေကြချိန်တွင်  ရန်ကုန်တက္ကသိုလ်ဝင်းထဲက  ကျောင်းသားသမဂ္ဂ  အဆောက်အအုံပြိုကျ ပျက်စီးခဲ့သည့် (၅၇) နှစ်ပတ်လည်ကာလနှင့်  တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို  ဖြစ်နေသည်။


ရန်ကုန်တက္ကသိုလ်ဝင်းထဲက  ကျောင်းသားသမဂ္ဂအဆောက်အအုံသည် မြန်မာ့သမိုင်းအမွေအနှစ်၊ အမျိုးသားအမွေအနှစ် တစ်ခုဟုဆိုလျှင်  မမှားပါ။ အဆိုပါ ကျောင်းသားသမဂ္ဂ အဆောက်အအုံထဲမှာ အမျိုးသား လွတ်လပ်ရေးတိုက်ပွဲ၏        တိုက်ပွဲခေါ်သံများ      မြည်ဟိန်းခဲ့သည်။ သည်အဆောက်အအုံထဲကပဲ အပြီးသတ် မြန်မာ့လွတ်လပ်ရေးကို မရအရ  ယူခဲ့ကြသော    နယ်ချဲ့ဆန့်ကျင်ရေး၊    ဖက်ဆစ်တော်လှန်ရေး    တပ်ဦး ခေါင်းဆောင်    အများအပြားကို    မွေးဖွားပေးခဲ့သည်။    သည်သမဂ္ဂ အဆောက်အအုံအတွင်းမှာ  တိုင်းပြည်နှင့်  လူမျိုးအတွက်၊  အမှန်တရားအတွက်၊ လူ့အခွင့်အရေးအတွက်၊ ဒီမိုကရေစီရေးအတွက် စွန့်စားရဲဝံ့သော  အနစ်နာခံခဲ့ကြသော ခေတ်အဆက်ဆက်က  သူရဲကောင်းတို့၏  ဝိညာဉ်များ ရှိနေခဲ့သည်။

မြန်မာ့လွတ်လပ်ရေးရရှိခဲ့ရာတွင် သမဂ္ဂအဆောက်အအုံ၏ ကျေးဇူးများ များစွာပါရှိခဲ့သည်ဟုလည်း ဆိုနိုင်ပါမည်။

လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု  အထွေထွေ  ပြန်လည်ထူထောင်ရေးတို့ကို  အတော်အတန်  တည်ငြိမ်မှုရအောင် တည်ဆောက်နေချိန်မှာ အာဏာသိမ်းမှုဖြစ်သည်။ ထိုအာဏာ သိမ်းမှုနှင့်အတူ ပါလီမန်ဒီမိုကရေစီစနစ်ကို လုံးလုံးလျားလျား ဖျက်သိမ်း ပစ်လိုက်သည်။
ထိုအချိန်မှစ၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီအခွင့်အရေးများ တစစယုတ်လျော့လာခဲ့ပြီး    အခွင့်ထူးခံများ    ကြီးစိုးလာခဲ့ကာ    ဒီမိုကရေစီ  အမှောင်ဖုံးသွားတော့သည်။

ထိုစဉ်က အာဏာသိမ်းအစိုးရ၏လုပ်ရပ်ကို စတင်၍ အကြီးအကျယ်  ဆန့်ကျင်ပုန်ကန်ကြသူများမှာ      ကျောင်းသားများဖြစ်၏။      ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ကန့်ကွက်မှု၊ ဆန့်ကျင်မှု အရှိန်အဝါကား  ကြီးမားလှသည့်အားလျော်စွာ အစိုးရသည် ပြင်းပြင်းထန်ထန် ကိုင်တွယ်နှိပ်ကွပ်ခဲ့သည်။  သည်လို  နှိပ်ကွပ်ရာတွင်  ကျောင်းသားဆန့်ကျင်မှုကို ကိုင်တွယ်သည့်  သဘောသက်သက်မျှမကတော့ဘဲ  အာဃာတပါ  ပါဝင်  လာသည့်အခါ အလွန်အကျွံဖြစ်သော တုံ့ပြန်မှုများက ပိုမိုဆိုးရွားသည့်  ရလဒ်များကို ဖြစ်ပေါ်စေခဲ့လေသည်။

အထူးသဖြင့်မူ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ လက်အောက်မှာကတည်းက  စတင်သည့်  ခေတ်အဆက်ဆက်  အစဉ်အလာကြီးမား၍  သမိုင်းတန်ဖိုး မြင့်မားလှသည့် ကျောင်းသားသမဂ္ဂအဆောက်အအုံကို လက်နက်အင်အားသုံးကာ      ဖြိုချဖျက်ဆီးလိုက်ခြင်း၊    ကျောင်းသားများအား    ကိုယ်ထိလက်ရောက်  အန္တရာယ်ပြုဖြိုခွဲခြင်း၊  ကျောင်းသားကျောင်းသူ  အများအပြားကို ဖမ်းဆီးအရေးယူခဲ့ခြင်း စသည်တို့က အာဏာသိမ်းအစိုးရနှင့်  ကျောင်းသားလူငယ်တို့အကြား  စေ့စပ်မရနိုင်လောက်အောင်  ဖြစ်ခဲ့ရသည့် အကြိတ်အခဲကြီး ဖြစ်ခဲ့သည်။

အထက်တွင်ဆိုခဲ့သကဲ့သို့  ကျောင်းသားသမဂ္ဂဟူသည်က  မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ၏  တပ်ဦးသဖွယ်ဖြစ်သည့် အဖွဲ့အစည်း။ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဆိုသည်က    လွတ်လပ်ရေးတိုက်ပွဲ၏    ကျယ်လောင်မြည်ဟည်းသော တိုက်ပွဲခေါ်သံပေါ်ထွန်းခဲ့ရာ ဘူမိနက်သန် နေရာမှန်ဖြစ်ခဲ့သည်နှင့်အညီ  သမိုင်းတန်ဖိုးများ၊    လွတ်လပ်ရေး၏    အနှစ်သာရများပါဝင်နေသည့်  အမျိုးသားအမွေအနှစ်          အဆောက်အအုံတစ်ခုဟု        ဆိုရပါမည်။ ယင်းအမျိုးသားအမွေအနှစ်            ကျောင်းသားသမဂ္ဂအဆောက်အအုံ မရှိတော့ပြီ။

ဤလို ဥပမာများက မြန်မာနိုင်ငံတွင် များစွာရှိနေသည်။ သည်လို ကြားကပင် နိုင်ငံအတွင်းမှာ  သဘာဝအမွေအနှစ်များ၊ သမိုင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များက အများအပြားကျန်ရှိနေသေးသည်။

သမိုင်းအမွေအနှစ်များ၊  ယဉ်ကျေးမှုအမွေအနှစ်များ၊  အမျိုးသား အမွေအနှစ်များဆိုသည်က တန်ဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါသည်။ တန်ဖိုးနားမလည်၍ သမိုင်းကို ကွယ်ဖျောက်ဖျက်ဆီး လို၍ဖြစ်စေ၊ မသိလိုက်မသိဘာသာဖြစ်စေ၊ ငွေရလိုမှု အစရှိသည့် ရေတိုအကျိုးစီးပွားကိုသာမြင်၍ဖြစ်စေ    အလွယ်တကူဆုံးရှုံးသွားအပ်သည့်   အရာများမဟုတ်ပါ။

အမွေအနှစ်များကို    ထိန်းသိမ်းစောင့်ရှောက်သည့်    ခိုင်မာသော ဥပဒေများနှင့် ထိုဥပဒေတို့အတိုင်း လိုက်နာကျင့်ဆောင်အောင် ထိန်းချုပ် ကိုင်တွယ်နိုင်ရေး  အစရှိသည်တို့ကို  အလေးအနက်ထား  ဆောင်ရွက်ကြရမည့် အချိန်ရောက်ပြီဟု တင်ပြလိုက်ရပါသည်။    

မြန်မာ့အလင်း