နေပြည်တော် ၃ စက်တင်ဘာ
ပုဂံဒေသ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan Com) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပုဂံမြို့ရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခုအစည်းအဝေးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သော ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွက် ကမ္ဘာ့အမွေအနှစ် ကော်မတီနှင့် ကော်မတီ၏အကြံပေးအဖွဲ့ဖြစ်သော နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီအဖွဲ့မှ ပညာရှင်များ၏ အကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးသော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် သုတေသနလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ မှတ်တမ်းတင်ခြင်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန တစ်ခုတည်းဆောင်ရွက်ရမည့် လုပ်ငန်းများရှိသကဲ့သို့ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများလည်းရှိနေသည့်အတွက် ရှေ့ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်လင်းပြောကြားသည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်က Bagan Com တတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုနှင့် အမှာစာများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ “ပုဂံ-ညောင်ဦး” လေဆိပ်အား လာမည့် ပွင့်လင်းရာသီအမီ အပြည်ပြည်ဆိုင်ရာလေယာဉ်များ တိုက်ရိုက် ဆင်း/တက် အသုံးပြု နိုင်မည့် Customs Immagaration, Quarantine, CIQ –Facilities ဆောင်ရွက်နိုင်သည့် Custom Aerodrome လေဆိပ်အဖြစ် ဆောင်ရွက်မည့်အခြေအနေနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့ဌာနနှင့် ပတ်သက်နေသော စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ်အမှာ စကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ညောင်ဦးခရိုင်နှင့်ပခုက္ကူခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်


