ပုဂံ ၂၄ ဇူလိုင်
ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ခြင်းကို ဂုဏ်ပြုခြင်းနှင့် Bicycle Network Myanmar ၏ ခရီးစဉ်စတင်စီးနင်းခြင်း ငါးနှစ်ပြည့် မြောက်သည့် အထိမ်းအမှတ်အဖြစ် ပုဂံဒေသသို့သွားရောက်ကာ စက်ဘီးစီးနင်းခြင်းကို ဇူလိုင် ၂၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့ရဲ့ အမှတ်တရတစ်ခုလည်းဖြစ်သလို စိတ်ပါဝင်စားသူတွေကလည်း များပြားတဲ့အတွက် အခုလိုစီစဉ်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်ကနေ အဖွဲ့ဝင် ၁၅၀ ဦးက ဇူလိုင် ၂၅ ရက်ကတည်းက ကျောက်ပန်းတောင်းကို ရထားနဲ့ အရောက်သွားမှာပါ။ ဇူလိုင် ၂၆ ရက်နံနက်မှာ ကျောက်ပန်းတောင်းမှာ ရောက်နေကြမယ့် အနယ်နယ် အရပ်ရပ်က Bicycle Network Myanmar အဖွဲ့ဝင်အင်အား ၁၀ဝ ဝန်းကျင်က ပူးပေါင်းပြီး ပုဂံကို မိုင် ၂၀ ခရီး စက်ဘီးစီးနင်းကြမှာ ဖြစ်ပါတယ်” ဟု Bicycle Network Myanmar အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတာတီးက ပြောကြားသည်။
ဇူလိုင် ၂၆ ရက်နေ့တွင် ပုဂံရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများအား အချိန်ရသလောက် စက်ဘီးဖြင့် စုပေါင်းသွားရောက် ဖူးမြော်ကြမည်ဖြစ်ပြီး ညောင်ဦးမြို့ ရွှေစည်းဂုံစေတီတော် အရှေ့ဘက်ဆောင်းတန်းအတွင်း တည်ရှိသည့် ပုဗ္ပာရုံကျောင်းတိုက်တွင် စုပေါင်းညအိပ်ရပ်နားမည်ဖြစ်သည်။ ဇူလိုင် ၂၇ ရက်တွင် နံနက် ၅ နာရီခွဲမှ စတင်ကာ စက်ဘီးသမားများအားလုံးစုပေါင်း၍ ပုဂံဘုရားပုထိုးများအား ဆက်လက်ဖူးမြော်ကြမည်ဖြစ်ကြောင်းသိရသည်။
“ဇူလိုင် ၂၇ ရက်နံနက်ပိုင်းမှာပဲ ပုဂံဒေသ သန့်ရှင်းသာယာစေဖို့အတွက် တစ်တပ်တစ်အားအနေနဲ့ ကျွန်တော်တို့အဖွဲ့တွေက ပုဂံသူ၊ ပုဂံသားတွေနဲ့ ပူးပေါင်းပြီး အမှိုက်ကောက်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ အမှိုက်ကောက် အစီအစဉ်ပြီးသွားရင် သမိုင်းအမွေအနှစ်တွေကို လေ့လာကြည့်နိုင်ဖို့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ကိုလည်း သွားရောက်မှာဖြစ်ပါတယ်” ဟု ကိုတာတီးက ဆက်လက်ပြောကြားသည်။
ပုဂံဒေသတွင် ယခုကဲ့သို့ စက်ဘီးစီးနင်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ အောက်တိုဘာက ပထမအကြိမ် လူထုစက်ဘီးစီးပွဲကို Bicycle Network Myanmar မှ ဦးဆောင်စီးနင်းပြီး ဒေသခံစက်ဘီးဝါသနာရှင်များ၊ မန္တလေး၊ ပခုက္ကူ၊ သထုံနှင့် ထိုင်းနိုင်ငံသား စက်ဘီးဝါသနာရှင်များ စုစုပေါင်း လူအင်အား ၁၅၀ ကျော်ဖြင့် စီးနင်းခဲ့ဖူးကြောင်း သိရှိရသည်။
ခင်ရတနာ၊ ဓာတ်ပုံ-တာတီး