ပုဂံဒေသ၌ ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိ

ညောင်ဦး ၂ မတ်

 

တပေါင်းလပြည့်နေ့၊ တောင်သူလယ်သမားနေ့ အပါအဝင် ရုံးဌာနများ ပိတ်ရက်လေးရက် ရရှိသည် နှင့်အတူ နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်သည့်အလျောက် အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း ဘုရားဖူး ဧည့်သည်များ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ အများအပြား လာရောက် လည်ပတ်ကြရာ အထူး စည်ကားလျက် ရှိကြောင်း သိရသည်။

 

 

“ဒီတစ်ပတ်က ရက်ရှည် ရုံးပိတ်ရက်ကလည်းရ၊ ကျောင်းသား/သူတွေ ကျောင်းပိတ်ရက်လည်း ဖြစ်နေတော့ မထင်မှတ်ပဲ ပြည်တွင်းဧည့်သည် ပြုံရောက်လာတယ်၊ တန်ခိုးကြီးဘုရား တော်တော်များများမှာဆိုရင် ကားတွေကျပ်ပြီး ယာဉ်ကြောပိတ်ဆို့ တာတွေတောင် ဖြစ်နေတယ်၊ နေဝင်ချိန်ကြည့်တဲ့ အချိန်ဆို ပိုများတယ်၊ ကားတွေ အရမ်းကျပ်တော့ တချို့ဆို ရှုခင်းအလှတောင် မကြည့်လိုက်ရဘူး လှည့်ပြန်ခဲ့ရတယ်” ဟု ပြည်တွင်း ခရီးသွား ဧည့်လမ်းညွှန် တစ်ဦးက ပြောပြသည်။

 

 

တပေါင်း လပြည့်နေ့ညတွင် ပြည်တွင်းဘုရားဖူး ဧည့်သည် အများအပြား လာရောက်မှုကြောင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် လပြည့်နေ့ မတိုင်မီ ရက်သတ္တပတ် ကတည်းကပင် ကြိုတင်မှာယူထားသည့် အခန်းများနှင့် ပြည့်နှက်နေကြောင်း၊ အချို့ပြည်တွင်းဘုရားဖူး ဧည့်သည်များမှာ ညောင်ဦးနှင့် ပုဂံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် တည်းခိုနေထိုင်လျက်ရှိရာ အဆိုပါ ကျောင်းများတွင်လည်း နေရာလပ် မကျန်အောင် များပြားလျက်ရှိသဖြင့် ဘုရားဖူး လာရောက်သည့် ဧည့်သည်အချို့ ညအိပ်တည်ခိုးရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

 

“နောက်တစ်ခါ ပုဂံကို ဘုရားဖူးလာရင် တည်းခိုစရာ ကြိုတင်မှာပြီးမှ လာရမယ်ဆိုတာ အခုတော့ သိသွားပါပြီ၊ အခုကျွန်မတို့ တော်တော် အခက်အခဲဖြစ်တယ်၊ ယောကျာ်းသားတွေက ကားပေါ်မှာ အိပ်လို့ရတယ်၊ ကျွန်မတို့ မိန်းကလေးတွေကျ မသင့်တော်ဘူးလေ၊ ပုဂံမှာ ဘုရားဖူးရတာတော့ စိတ်ထဲမှာ ကြည်နှုးပျော်ရွှင်မိတယ်၊ ဒါဟာကျွန်မတို့အတွက် အဆိုးထဲက အကောင်းပါပဲ” ဟု ရန်ကုန်မြို့မှ ဘုရားဖူး လာရောက်သည့် ဧည့်သည်တစ်ဦးက ၎င်း၏အခက်အခဲ ပြောပြသည်။

 

ယင်းသို့ ပြည်တွင်း ဘုရားဖူး ဧည့်သည် အများအပြား လာရောက်မှုကြောင့် ညောင်ဦးနှင့် ပုဂံမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ မြန်မာမှု အနုပညာလက်ရာ ပစ္စည်းရောင်းချသူများ၊ အမှတ်တရပစ္စည်း ရောင်းချသည့် ဆိုင်များ၊ ရိုးရာအဝတ်အထည်ဆိုင်များ ရောင်းအားကောင်းလျက်ရှိပြီး ဒေသတွင်း ခရီးသွား အနှေးယာဉ်/ အမြန်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများ၊ စက်ဘီးနှင့် လျှပ်စစ်စက်ဘီး ငှားရမ်းကြသူများ၊ လက်အလှပန်းချီ ရေးဆွဲကြသူများ၊ မြန်မာခရီးသွား ဧည့်လမ်းညွှန်များ လုပ်ငန်း တွင်ကျယ်လျက် ရှိကြောင်း သိရသည်။

 

ထို့အပြင် သီတင်းကျွတ်လပြည့်နေ့ ညအချိန်တွင် ပုဂံဒေသရှိ တန်ခိုးကြီး ဘုရားများဖြစ်သည့် ရွှေစည်းခုံ၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ ဗူးဘုရား၊ လောကနန္ဒာ၊ ထီးလိုမင်းလို အစရှိသည့် ဘုရားများတွင် ပြည်တွင်းပြည်ပ ဘုရားဖူး ဧည့်သည်များ၊ ဒေသခံ ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များက ဆီးမီးများ ထွန်းညှိ ပူဇော်လျက်ရှိရာ အထူးစည်ကားခဲ့သည်။

 

ရဲသူရအောင် (ညောင်ဦး)