ညောင်ဦး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသရှိ မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်း ထုတ်လုပ်မှု၊ ယွန်းထည်ပစ္စည်း ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ယွန်းထည်သုံးပစ္စည်းများကို ပြည်ပဧည့်သည် များသာမက ပြည်တွင်းခရီးသွားဧည့်သည်များလည်း စိတ်ဝင်စားမှုမြင့်တက်ကာ ပြည်တွင်းဝယ်လို အားကြောင့် ယွန်းထည်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြောင်း ယွန်းထည်လုပ်ငန်းရှင် ဦးဘငြိမ်း ထံမှ သိရသည်။
ယွန်းထည်လုပ်ငန်းသည် မြန်မာ့လက်မှုအနုပညာစစ်စစ်ဖြစ်ပြီး အင်မတန် အနုစိတ်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်ကာ ယွန်းပစ္စည်းအမျိုးပေါင်း တစ်ရာကျော် ပြုလုပ်ကြောင်း၊ ယွန်းလုပ်ငန်းရှင်များ အများဆုံး ပြုလုပ်သည့် ယွန်းလက်ဖက်အစ်၊ ယွန်းဆွမ်းအုပ်များကို အများဆုံးပြုလုပ်ကြသည်။
ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ မြန်မာလူမျိုးများ ယွန်ထည်အမျိုးမျိုးကို အသုံးပြုခဲ့ကြောင်း၊ ပလို့ခေါ် ငါးဆင့်ပလို့ဆွမ်းအုပ်များဖြင့် ယနေ့တိုင် ရွှေစည်းခုံဘုရားပွဲ၊ အာနန္ဒာ ဘုရားပွဲ၊ ငှက်ပစ်တောင် ဘုရားပွဲ၊ တုရင်တောင်ဘုရားပွဲ၊ ကန်တော့ပလ္လင်ဘုရားပွဲများနှင့် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် စလေမြို့ ရှင်ပင်စာကြိုလှ ဘုရားပွဲများတွင် ယွန်းပလို့(ငါးဆင့်)ပါသော ဆွမ်းအုပ်ကြီးများဖြင့် ဆွမ်းတော်များ လောင်းလှူလျက်ရှိသေးကြောင်း သိရသည်။
ယွန်းလုပ်ငန်းသုံးပစ္စည်းများတွင် မပါမဖြစ် မြန်မာနိုင်ငံအနှံ့အပြားမှ ထွက်ရှိသည့် မဲတင်းခါးဝါး ၊ တင်းဝါး၊ နန်းထောင်ဝါး၊ မဲဇာဝါးများကိုသုံး၍ ယွန်းထည်အမျိုးမျိုး ပြုလုပ်ကြသော်လည်း မဲတင်းခါးဝါး တစ်မျိုးထဲကိုသာ ယွန်းထည်ပြုလုပ်ရာတွင် စွဲစွဲမြဲမြဲ အသုံးပြုကြကြောင်း သိရသည်။
ယွန်းထည်ပြုလုပ်ရခြင်း အဆင့်ဆင့်တွင် အချောခံခြင်း၊ စဉ့်ဖတ်တင်ခြင်း၊ နှီးခေါင်းထိုးခြင်း ၊ နှီးစိတ်ခြင်း၊ ကြောင်လိမ်ထည်လုပ်ခြင်း၊ ပွေတည်ခြင်း၊ မြေခံခြင်း၊ အဖြူခွေခြင်း၊ နှီးဖြာခြင်း၊ ပုတ်ထည်၊ ယွန်းထပ်ခြင်း၊ သားရိုးချောခြင်း၊ ဓားကောက်ခြစ်ခြင်း၊ နှီးသတ်ခြင်း၊ ရက်ထည်တို့ကို အဆင့်ဆင့် ပြုလုပ်ရကြောင်း၊ ယွန်းထည်ပစ္စည်းများသုတ်ရန် သစ်စေး ၁၀ ပိဿာပုံး တစ်ပုံး ငွေကျပ် ဆယ့်တစ်သိန်း ပေးဝယ်ရကြောင်း သိရသည်။
ယွန်းထည်လုပ်ငန်းလုပ်ကိုင်ကြသည့် ယွန်းလုပ်သားတစ်ဦး တစ်ရက်လျှင် ၁၅၀၀၀ ကျပ်နှင့် ယွန်းကျွမ်းကျင် လုပ်သားတစ်ဦးလျှင် ၂၅၀၀၀ ကျပ်ရရှိကြကြောင်း၊ ယွန်းထည်များပြုလုပ်ပြီး သော်လည်း တစ်နှစ်ကျော်ကြာမှ ရောင်းချရကြောင်း၊ ပြုလုပ်ထားသည့်ယွန်ထည်များကို မြေအောက်ခန်း အတွင်း အလုံပိတ်ထားကာ မြေဓာတ်ပေးရပြီး အချိန်တစ်နှစ်ကျော်မှ ရောင်းချရကြောင်း ယွန်းလုပ်ငန်း ရှင်များက ပြောပြသည်။
ယွန်းထည်ရောင်းချရမှု နည်းပါးသော်လည်း ယွန်းလုပ်သားများ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ယွန်းလုပ်ငန်းရှင်များက ယွန်းလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ငန်းလုပ်ကိုင်လျက်ရှိနေကြကာ မြန်မာ့ယွန်းထည်လုပ်ငန်းကို ပြည်ပဧည့်သည်များသာမက ပြည်တွင်းခရီးသွားဧည့်သည်များလည်း စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း ယွန်းလုပ်ငန်းရှင်များထံက သိရသည်။
ဒီပါလင်း


