မန္တလေး ၁၇ ဇွန်
မန္တလေးတိုင်းဒေသကြီး ပုဂံဒေသတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် ဆေးလိပ်သောက်ရန် နေရာများ သတ်မှတ်ပေးမည်ဖြစ်ကြောင်း ဆေးလိပ်ငွေ့ကင်းစင်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ က သိရသည်။
ဆေးလိပ်သောက်ရန် နေရာများကို အစိုးရဌာနရုံးများ၊ ဘာသာရေးအဆောက် အအုံများ၊ လူအများစုဝေးလေ့ရှိသည့် နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံနှင့် ကစားကွင်းများတွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဆေးလိပ်သောက်ဖို့ နေရာတွေ သီးသန့်ထားပေးမယ်။ ထားပေးတဲ့နေရာမှာလည်း စနစ်တကျဖြစ်အောင် ဆေးလိပ် မီးသတ်တဲ့ ဆေးလိပ်ခွက် နေရာတွေ ထားထားပေးမယ်။ ဆေးလိပ်မသောက်ဖို့နေရာ သတ်မှတ်ပေးရင် ဆေးလိပ်သောက်ဖို့အတွက်လည်း နေရာလုပ်ပေးရမှာဖြစ်တယ်။" ဟု အဆိုပါ ကော်မတီတွင်ပါဝင်သည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။
ထို့ပြင် ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် ပုဂံဒေသရှိ အထင်ကရရှေဟောင်းဘုရား (၁၇) ဆူတွင် ဂေါပကအဖွဲ့များနှင့် တိုင်ပင်၍ ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် အသိပေးဆိုင်းဘုတ်များ စိုက်ထူပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ဘုရားဂေါပကအဖွဲ့များ ပူးပေါင်း၍ အသိပညာပေးခြင်းများ၊ Stickers Campaign များ ပြုလုပ်နေကြောင်းသိရသည်။
သူရိန်လင်း