ပခုက္ကူ ၊ ၅ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီးအတွင်း၌ရှိသည့် ပခုက္ကူမြို့သည် ဧရာအနောက်မြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် မြို့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ အခြေခံစားသုံးကုန်များဖြစ်သည့် ငရုတ်၊ ကြက်သွန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ မြေပဲများ ထွက်ရှိပြီး စီးပွားရေး အချက်အချာကျသည့် မြို့တစ်မြို့လည်းဖြစ်သည်။
ထို့အပြင် ပခုက္ကူမြို့သည် မြန်မာပြည်တစ်ဝန်းတွင် ထင်ရှားကျော်ကြားပြီး နှစ်(၉၀ဝ) ပြည့်မြောက်သွားပြီဖြစ်သည့် သီဟိုဠ်ရှင်မြတ်စွာဘုရား၊ ရွှေတန့်တစ်သရက္ခန်ဘုရားများ တည်ရှိသကဲ့သို့ ကမ္ဘာ့အံ့ဖွယ် ရွှေတံကဲတော်ကြီး တည်ရှိသည့် ရွှေကူဘုရား၊ သာယာလှပပြီး ဧရာဝတီမြစ်ကမ်း အလှများဖြင့် ဘုရားဖူးပြည်သူများကို ဆွဲဆောင်ခေါ်ယူ နိုင်သည့် ဆုတောင်းပြည့်တန်ခိုးကြီး ရွှေမုဋ္ဌော ဘုရား၊ အလောင်းစည်သူမင်းကြီး ဖောင်တော်ဆိုက်ကပ်ရာအရပ်တွင် တည်ထားခဲ့သည့် ဖောင်တော်ဦးဘုရား စသည့် တန်ခိုးကြီးဘုရားများတည်ရှိရာ မြို့လည်းဖြစ်ပါသည်။
ယခုအချိန်တွင် မြန်ပြည်တစ်ဝန်းက ဘုရားဖူးခရီးသည်များအတွက် ကိုဗစ်ကာလ ဘုရားဖူးခရီးစဉ်များ ယာယီပိတ် ထားပေးသည့်ကာလဖြစ်သော်လည်း နိုင်ငံတစ်ဝန်းလုံးကသာမက နိုင်ငံရပ်ခြားတွင် နေထိုင်သူများကပါ စိတ်ဝင်တစားဖြင့် အလှူငွေများ ပေးပို့လှူဒါန်းနေကြသည့် တည်ထားဆဲ ဘုရားစေတီတော်မြတ်ကြီး တစ်ဆူအကြောင်း ရေးသားဖော်ပြလိုပါသည်။
ယင်း ဘုရားစေတီတော်မြတ်ကြီးမှာ ပခုက္ကူမြို့နှင့် နှစ်မိုင်ခန့်အကွာ ကျွဲတဲအုပ်စု၊ ကျွဲတဲကမ်းနား ကျေးရွာ၊ မင်းကုန်းကျောင်းဝိုင်း၊ အဂ္ဂရံသီမေဒနီကုန်းမြေတွင် တည်ထားကိုးကွယ်ထားပြီး စေတီတော်ကြီးအား သွားရောက်ဖူးမြော် မည်ဆိုလျှင် ပခုက္ကူမြို့၏အထွက် ရွှေချောင်းကွေ့မှ လက်ယာဘက်တည့်တည့် ပေတရာလမ်းလေးအတိုင်း သွားရမည်ဖြစ်ပါသည်။
ထိုသို့ ဘုရားဖူးခရီးသွားရာ ကျွဲတဲကမ်းနားရွာ အဝင်လမ်းတွင် သဘာဝတရားက ပေးစွမ်းထားသည့် အလှတရား အဖြစ် ကျယ်ပြောလှသော ရေအပြည့်နဲ့ ကြာကန်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဆက်လက် ခရီးနှင်ကာ ဘုရားမုခ်ဦးထဲသို့ ဝင်လိုက်တာနဲ့ မြန်မာပြည်မှာ တည်ထားသည့် ဘုရားစေတီပုထိုး ပုံစံများနဲ့ ထူးခြားစွာကွဲထွက်နေသည့် အံ့မခန်းဖွယ်ရာ ဗိသုကာလက်ရာများဖြင့် သပ္ပာယ်တင့်တယ် ကြည်ညိုဖွယ်ရာ အောင်ဆုပြည့်ကြောင်း ရှစ်သောင်းလေးထောင် စေတီတော်မြတ်ကြီးကို ဖူးမြင်တွေ့ခွင့်ရရှိမည် ဖြစ်ပါသည်။
ဘုရားစေတီတော်မြတ်ကြီးသမိုင်းအား အကျဉ်းချုပ်ဖော်ပြရလျှင် ထိုစေတီတော်မြတ်ကြီးကို နှစ်ပေါင်း ၃၀ ခန့်ကြာ အချိန်ယူတည်ဆောက်ခဲ့ရပြီး ပထမဦးစွာ ‘၃၁ ဘုံကျော်လွန်အောင်’ ဟူသော ဘွဲ့တော်အမည်ဖြင့် စေတီတော် တစ်ဆူတည်ထားခဲ့ရာ ငွေကြေးအခက်အခဲရှိခဲ့ခြင်းကြောင့် ၃၀ ရာခိုင်နှုန်းခန့်အထိသာ တည်ထားနိုင်ခဲ့သည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၁၃၆၅ ခုနှစ်၊ ခရစ်နှစ် ၂၀ဝ၃ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ ပခုက္ကူမြို့ မဟာဝိသုတာရာမ(အလယ်)တိုက်ကြီး၏ မဟာနာယက ဆရာတော် ဘဒ္ဒန္တဝိစာရ ကိုယ်တိုင်ဦးစီး၍ တပည့်ရဟန်းအချို့နှင့် ပခုက္ကူ၊ ကျွဲတဲနှင့် ရွှေချောင်း ကျေးရွာများမှ ဥပါသကာ၊ ဥပါသကီများ စုပေါင်း၍ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အလှူခံခြင်း၊ ပန္နက်တင်ခြင်း၊ အုတ်မြစ်ချခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီး ၃၁ ဘုံကျော်လွန်အောင် စေတီတော်ပန္နက်ဟောင်းကို နှုတ်ကာ ‘အောင်ဆု ပြည့်ကြောင်း ရှစ်သောင်းလေးထောင်’ ဘွဲ့အမည်တော်ဖြင့် စေတီတော်မြတ်ကြီး ပန္နက်တော်တင် တံဆိပ်ကပ်တော်မူခဲ့သည်။
စေတီတော်မြတ်ကြီးတည်ထားမည့် မြေဧကနှစ်ဧကခန့်ကိုလည်း ကျွဲတဲကျေးရွာမှ ဦးမောင်တင်+ဒေါ်ညိုတို့က ရက်ရက်ရောရောလှူဒါန်းပေးခဲ့ကြပြီး ၂၀၁၇ ခုနှစ်ရောက်မှသာ ရန်ကုန်၊ မန္တလေးမြို့ရှိ ထင်ရှားသော ပန်းရံ၊ ပန်းချီ၊ ပန်းပု စသည့် ဗိသုကာပညာရှင်းများကို ခေါ်ယူ၍ တည်ဆောက်ရေးလုပ်ငန်းများ စတင် လုပ်ကိုင်စေခဲ့ခြင်းဖြစ်ပါသည်။ ပုဂံခေတ် မြန်မာမှု အနုပညာလက်ရာများကို အခြေခံ၍ မွမ်းမံခြယ်သထားသော ကြောင့် စေတီတော်ကြီးသည် မုခ် ၈ မုခ်ပါ သံတောင် ပေ ၅၀ ခန့် မြင့်မားသော ရှစ်ထောင့်ပုံစံ စေတီတော် ကြီးဖြစ်ပါသည်။ စေတီတော်ကြီး၏ အပြင်ပိုင်းကို အရံစေတီ ၂၄ ဆူဖြင့် ဘုံအဆင့်ဆင့်တွင် တည်ထားလျက်ရှိပြီး ဉာဏ်တော်၏ အမြင့်မှာ ၇၅ ပေရှိပါသည်။ ထို့အပြင် စေတီတော်ကြီး၏ အတွင်းပိုင်းမှာ မျက်နှာကျက် ၂၄ ခန်းရှိပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို မျက်နှာထားပြီး လက်ရာမြောက်စွာ ကိန်းဝပ်စံပယ်တော်မူ သည့် ရပ်တော်မူဘုရားလေးဆူ၊ အရပ်လေးမျက်နှာ၏ အခန်းပေါင်း(၃၂)တိုင်းတွင် ဗုဒ္ဓဝင်၊ ဇာတ်တော်ကြီး စသည့် စိတ်ဝင်တစား ဖူးမြော်ဖွယ် နံရံဆေးရေးပန်းချီများ၊ လိုဏ်အတွင်း တစ်ခန်းစီတိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်ငယ်ပေါင်း ၂၁၀ဝ၀ စီနဲ့ ရုပ်ပွားတော်ပေါင်း ၈၄၀ဝ၀၊ ထိုင်ကိုယ်တော် ၉၆ ဆူတို့ကို ထည့်သွင်း ပူဇော်မည့် ခေတ်မီဗိသုကာပညာရပ်တွေကို ဖူးမြင်တွေ့ရမည်ဖြစ်သည်။
ဘုရားစေတီတော်ကြီး၏ ပုရိဝုဏ်အတွင်း မဟာသမယသုတ်ရွတ်ဖတ်တော်မူည့် မုန္ဒြာရုပ်ဖွားတော် ဘုရားနှစ်ဆူ တည်ထားတော်မူပြီး စည်းတော်ကြီးတည်ထားရန် ဘုံသုံးဆင့်ပါ အဆောက်အဦး ပုံစံငယ် ရေးဆွဲခြင်း၊ ပြတိုက်ငယ်လေး တည်ထားရှိရန် စီမံချက်ရေးဆွဲခြင်းများဖြင့် လုပ်ငန်းစတင် အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။ ‘မယုံဘူး ကြုံဖူးသိ’ ဆိုသလို အရပ်လေးမျက်နှာက ရွှေရောင်ဝင်းလက်နေသည့် စေတီတော်မှာ လုံးပတ်တော်ကြီးပြီး အဝေးကနေ လှမ်းမြော်ဖူးမြင်နိုင်သည့် အမြင့်လည်း ရှိသည်။ ယခုလို ရှားပါးသွားပြီဖြစ်သည့် ရှေးမူ ရှေးဟန် လက်ရာတွေကို အကောင်အထည်ဖော် တည်ထားပေးသည့် အဂ္ဂမဟာပဏ္ဍိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက်ကြီး၏ မဟာနာယကဆရာတော် ဘဒ္ဒန္တဝိစာရ မဟာထေရ်ကြီးသည် သက်တော် ၈၉ နှစ်၊ ဝါတော် ၆၉ ဝါရှိနေပြီဖြစ်သည်။ ဆရာတော်ကြီးသည် ထင်ရှားသည့် သာသနာပြုဆရာတော်ဘုရားကြီးဖြစ်သကဲ့သို့ ဘာသာ၊သာသနာအကျိုးကိုသာမက လူငယ်လူရွယ်များ၏ ဘဝများစွာကိုလည်း အမှောင်တွင်း မရောက်အောင် လမ်းပြပေးသည့် ဆရာတော် တစ်ပါးဖြစ်သည်။
ဆုကြီးပန်သာသနာနှင့် စိမ့်စမ်းမြိုင်ပရိယတ္တိစာသင်တိုက် (သီလရှင်ပညာရေးကျောင်း)၏ ဝါဒစရိယ ဆရာတော်တစ်ပါးဖြစ်ပြီး စိမ့်စမ်းမြိုင်သာသနာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခြင်း မရှိသည့် ကလေးများကို သီးသန့်ခေါ်ယူလက်ခံထားရှိပြီး အတတ်ပညာသင်ကြားရေးကို စီမံဆောင်ရွက်တော်မူခဲ့သလို သာသနာတော် ပွင့်လန်းရန်အတွက် မြို့နှင့်မနီးသည့် တောရွာများတွင်လည်း တရားစခန်းနှင့်တကွ သာသနာတော် အဆောက်အဦများစွာကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ထို့အပြင် ရေစကြိုမြို့နယ်၊ ထန်းငယ်တောအုပ်စု၊ ကျောက်ထပ်ကျေးရွာတွင်ရှိသည့် ဘကြီးတောင်သာသနာ့နယ်မြေတွင် ရွှေဘုန်းပွင့်စေတီ၊ သီလသောဓနီသိမ်နှင့် ရဟန်းတစ်ပါးနေ ကျောင်းပေါင်း ၇၀ ဆောက်လုပ်ပေးထားပြီး ကွမ်းဆော်ကြောင်ဖြူမင်း တည်ထားခဲ့သည့် ဘုရားကိုလည်း ပြန်လည် ပြုပြင်တည်ထားခဲ့ပါသည်။ ဆရာတော်ကြီး၏ အဓိကရည်ရွယ်ချက်မှာ မြို့နှင့်မနီးသည့် တောရွာကျေးလက်နေ ပြည်သူများ၏ မျက်စိအလင်းများ ပွင့်လင်းလာစေရန်၊ သာသနာထွန်းကာလာသည်နှင့်အမျှ လူနေစည်ကားလာပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ကာ စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်စေရန်ဖြစ်ပါသည်။
တည်ဆောက်ဆဲကာလဖြစ်သည့် အောင်ဆုပြည့်ကြောင်း ရှစ်သောင်းလေးထောင် စေတီတော်မြတ်ကြီး တွင် ထည့်သွင်းတည်ထားမည့် အရံစေတီ ၂၄ ဆူအတွက် တစ်ဆူကို ၁၂ သိန်းလေးသောင်းကျပ်၊ ဗုဒ္ဓရုပ်ပွားတော်ငယ် ရှစ်သောင်းလေးထောင်ဆူအတွက် ရုပ်ပွားတော်ငယ် တစ်ဆူကို ငွေကျပ် ၅၄၀ဝ ၏၊ ထိုင်ကိုယ်တော် ၉၆ ဆူအတွက် တစ်ဆူကို ငွေကျပ် ၅၄၀ဝ၀ တို့အတွက် ကိုဗစ်ကာလအတွင်း နေ့စဉ်နှင့်အမျှ ရပ်နီးရပ်ဝေးမှ သာသနာ့နွယ်ဝင် ကုသိုလ်ရှင်များ၏ လာရောက်ကြည်ညိုဖူးမျှော်ခြင်း၊ ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းခြင်း၊ ဝတ္ထုအလှူငွေများ တတ်စွမ်းသမျှ လှူဒါန်းခြင်းတို့ကြောင့် တစ်နေ့ကို ပျမ်းမျှအလှူငွေကျပ် ၂၅ သိန်းမှ သိန်း ၉၀ အထိ လက်ခံရရှိကြ သည်ဟုလည်း သိရသည်။ ယခုအခါ ဆရာတော်ကြီး၏ အောင်ဆုပြည့်ကြောင်း ရှစ်သောင်းလေးထောင်စေတီ တော်မြတ်ကြီး သာသနာတော်လုပ်ငန်းကို အများပြည်သူတို့၏ ထည့်သွင်းလှူဒါန်းမှုများနှင့်အတူ စုစုပေါင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်တို့ဖြင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ သုံးပုံနှစ်ပုံခန့် ပြီးစီးနေပြီဖြစ်သောကြောင့် ဆရာတော်ကြီး၏ သာသနာတော်လုပ်ငန်းများ အဓွန့်ရှည်တည်တံ့နိုင်စေရေးနှင့် ပခုက္ကူမြို့၏ အထင်ကရ ဘုရားတစ်ဆူကို အမြန်ဆုံးပြီးစီး တည်းထားကိုးကွယ်နိုင်ရေးတို့အတွက် အများပြည်သူအကျိုးငှား မည်သူမဆို ကုသိုလ်ဖြင့် ဆက်လက် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်တင်ပြလိုက်ပါသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


