ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသဧရိယာ (ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသနှင့် ကြားခံဒေသ) သည် စုစုပေါင်း ၂၃ဝ ကီလိုမီတာကျယ်ဝန်း၍ ပုဂံလွင်ပြင်နယ်နိမိတ်သည် အရှေ့ဘက်တွင် အင်တိုင်းချောင်း၊ မြောက်ဘက်နှင့် အနောက်ဘက်တို့တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် နလဲတောချောင်းနှင့် အရှေ့တောင်ဘက်တွင် တုရင်တောင်တန်းတို့ နယ်နိမိတ်သဖွယ်တည်ရှိပြီး ရှေးဟောင်း ရေကန်၊ ရေတွင်း၊ မြစ်ချောင်းများ၊ အင်းများကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။ သုတေသနပြုလေ့လာချက်အရ ရေတွင်း၊ ရေကန်၊ အင်းအိုင် စုစုပေါင်း ၉၀ ကျော်ခန့်ရှိပြီး ရေကန် ၃၀ ရာခိုင်နှုန်း၊ ရေကန်ငယ် ၆၂ ရာခိုင်နှုန်း၊ ရေတွင်း ငါးရာခိုင်နှုန်းနှင့် အင်း သုံးရာခိုင်နှုန်းတို့ တွေ့ရှိရပါသည်။
ထပ်မံ၍ အသေးစိတ်သုတေသနပြုရာတွင် ၁၀ ဧကနှင့်အထက်ရှိ ရေကန် (Very Large Lake)၊ ၁၀ ဧကနှင့် ၇ ဧက ကြားရှိ ရေကန်(Large Lake)၊ ၆ ဧကနှင့် ၄ ဧက ကြားရှိ ရေကန် (Medium Lake)၊ ၃ ဧကနှင့် ၁ ဧက ကြားရှိ ရေကန်(Small Lake) နှင့် ရေဝပ်ဧရိယာ ၉၉ နေရာတို့ဖြစ်ပြီး အဆိုပါ ရှေးဟောင်းရေကန် အများစုသည် လေးကိုင်းပုံ ကန်ပေါင်များဖြင့် တမံတုပ်ထားသော ရေလှောင် ကန်၊ ရေစစ်ကန်ပူးတွဲပါသော ရေကန်၊ အင်းကန်(ဝါ) ရေလှောင်အင်း၊ အုတ်ကန်၊ ဘုရားကျောင်း ပရဝဏ် အတွင်းရှိ ရေကန်၊ တူးမြောင်း၊ ရေဝင်ရိုး၊ ရေနုတ်မြောင်း၊ ကျုံးတို့ဖြစ်ပါသည်။
ထိုရှေးဟောင်းရေကန်၊ အင်းအိုင်တို့နှင့် ရေလမ်းကြောင်းများ အချင်းချင်းချိတ်ဆက်မှုကိုထပ်မံသုတေသနပြုချက်များအရ အောက်ပါအတိုင်း တွေ့ရမည်ဖြစ်ပါသည် -
(က) မြကန်မှ အရှေ့ဖွားစောကျေးရွာရှိ ဇေယျသွပ်ကန်အတွင်းသို့ စီးဝင်သော ရေလမ်း ကြောင်း၊
(ခ) ကန်သစ်ကန်မှ အလံပုဂံကန်အတွင်းသို့ စီးဝင်သော ရေလမ်းကြောင်း၊
(ဂ) တုရင်တောင်အနီးမှ ဖြတ်သန်း စီးဆင်းလာသော ရေလာရိုးမှ တောင်ကျောင်းကန် (သန့်စင်ကြယ်)အတွင်းသို့ စီးဝင်သော ရေလမ်းကြောင်း၊
(ဃ) အလံပုဂံကန်မှ အလယ်ကန်သို့ စီးဝင်သော ရေလမ်းကြောင်း၊
(င) အလယ်ကန်၊ တောင်ကျောင်းကန်(သန့်စင်ကြယ်)မှ မင်းနန်သူ (လေးမျက်နှာ) ကန်အတွင်းသို့ စီးဝင်သွားသော ရေလမ်းကြောင်း၊
(စ) ရွှေချောင်းနှင့် မြင်းကပါချောင်း အပါအဝင် ရေကန်များသို့ ဆက်နွှယ်ချိတ်ဆက်ထားသော ရေလမ်းကြောင်းများ ဖြစ်ပါသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင်ရှိသော ရှေးခေတ်ရေကန်များတွင် ရေစစ်ကန်ပါသော ရေကန်များကို အများဆုံး တွေ့ရပါသည်။ ရေစစ်ကန်ကို တစ်ဆင့်ခံထားခြင်းသည် မိုးသည်းထန်စွာ ရွာသွန်းစဉ်ကာလအတွင်း စီးဝင်လာသော ရေ၏ အနည်အနှစ်နှင့် အခြားသော အမှိုက်သရိုက် မြေဆွေးများ ပါဝင်လာနိုင်၍ အနည်ထိုင်စေရန် ဖြစ်သည်။ ရေစစ်ကန်အတွင်း ရေပြည့်ပြီး အနည်ထိုင်ပြီးသောအခါ ပင်မရေလှောင်ကန်အတွင်းသို့ သီးသန့်ပြုလုပ်ထားသော ရေပိုလွှဲမြောင်း၊ ကျောက်၊ အုတ်တို့ဖြင့် ပြုလုပ်ထားသော ပြွန်ပေါက်တို့မှတစ်ဆင့် ရေသွင်းခြင်းဖြစ်ပါသည်။
ရေစစ်ကန်ဧရိယာသည် ပင်မရေကန်ဧရိယာထက် ငါးဆ၊ ခြောက်ဆခန့် ပိုမိုကျယ်ဝန်း
ထင်ရှားသည့် ရေစစ်ကန်ပါသော ရှေးခေတ်ရေကန်မှာ မင်းနန်သူရွာရှိ မင်းနန်သူကန် (လေးထောင့်ကန် (သို့) လေးမျက်နှာကန်) ဖြစ်ပါသည်။ ပင်မရေကန်ကြီး၏ လေးဘက်လေးတန်၌ လှေကားထစ်အဆင့်ဆင့်ကို အုတ်ရိုးနံရံ ကာရံထားပြီး ရေသယ်ယူရာတွင် လွယ်ကူစေရန်အတွက် ကျောက်တုံးလှေကား ပြုလုပ်ပေးထားပါသည်။ ရေစစ်ကန်မှ ပင်မရေကန်အတွင်း ရေသွင်းသော အပေါက်ကိုလည်း ကျောက်ဖြင့် ပိုက်လုံးသဖွယ် ပြုလုပ်ထားပြီး ရေစစ်ကန်ဧရိယာသည် ပင်မရေကန် ဧရိယာထက် ငါးဆ၊ ခြောက်ဆခန့် ပိုမိုကျယ်ဝန်းပါသည်။ မင်းနန်သူကန်ကို လက်ရှိလူနေမှုဘဝတွင် ကျေးရွာပြည်သူများက ယနေ့တိုင် အသုံးပြုလျက်ရှိပါသည်။ အလားတူပုဂံဒေသတွင် ရေစစ်ကန်ပါသည့် ရေကန်များကို အရှေ့ဖွားစောကျေးရွာ၊ အနောက် ဖွားစောကျေးရွာ၊ ဖျောက်ဆိပ်ပင်ကျေးရွာနှင့် သူဌေးကန်ကျေးရွာတို့တွင် တွေ့ရှိရပါသည်။
ပျမ်းမျှမိုးရွာသွန်းသည့် ရက်မှာ ၄၅ ရက်
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ မိုးရွာသွန်းမှု အခြေအနေမှာ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာမှုများအရ ၂၀၁၂ ခုနှစ် မှ ၂၀၂၁ ခုနှစ် အတွင်း မိုးရွာသွန်းသည့်ရက်များကို လေ့လာရာ တွင် ပျမ်းမျှမိုးရွာသွန်းသည့် ရက်မှာ ၄၅ ရက်ခန့်သာ ရှိပါသည်။ မိုးရွာသွန်းသည့်ကာလမှာ ဇွန်လမှ အောက်တိုဘာလအတွင်းဖြစ်ကာ ကျန်တစ်နှစ်ပတ်လုံး ခြောက်သွေ့ကာလများသာဖြစ်ပြီး ကျဲပါးသော သစ်တောနှင့် အပူပိုင်းသဘာဝပေါက်ပင်များသာ ရှိပါသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းတာမှုများအရ ပုဂံဒေသတွင် ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ် အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်လက်မများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၌ ၂ဝ၂၁ ခုနှစ်တွင် ပြင်းထန်သည့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၂ဝ၂၁ ခုနှစ် စက်တင်ဘာလတွင် မိုးရေချိန် ၁၇ ဒသမ ၄ အထိ ရွာသွန်းခဲ့ပြီး ထိုသို့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံများ ၏ တံတိုင်းအတွင်း ရေဝပ်ခြင်း၊ ရှေးဟောင်း အဆောက်အအုံ ၆ဝ ကျော် ထိခိုက်ပျက်စီးခြင်း၊ လမ်းမများပေါ်တွင် ရေကြီး၊ ရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများ စီမံခန့်ခွဲခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ရေတိုလုပ်ငန်း၊ တစ်နှစ်၊ နှစ် နှစ်အတွင်း အပြီးဆောင်ရွက်၍ ရနိုင်သည့် လုပ်ငန်းများ ရှိသကဲ့သို့ တချို့လုပ်ငန်းများသည် နှစ်စဉ် Priority များ ခွဲခြားပြီး ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါသည်။
ရှေးခေတ် ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများ ရှာဖွေ၊ ဖော်ထုတ်သုတေသနပြုခြင်း လုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက နှစ်စဉ် တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ဗဟုသုတများ
အီတလီနိုင်ငံသား Dr. Massimo Sarti (Hydrological Expert, University of Marche )နှင့် ပျူရှေးမြို့ဟောင်းများ၏ ရေစီမံခန့်ခွဲမှု အထောက်အထားများ ရှာဖွေသုတေသနပြုခြင်း၊ ပုဂံခေတ် ရေစီမံခန့်ခွဲမှု အထောက်အထားများ ရှာဖွေသုတေသနပြုခြင်းလုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်မှစတင်၍ ယနေ့အထိ သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။
အီတလီနိုင်ငံသား Dr. Massimo Sarti သည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ၂၈-၂-၂ဝ၂၂ ရက်မှ ၃-၃-၂ဝ၂၂ ရက်အထိ ပထမအကြိမ်၊ ၂ဝ-၈-၂ဝ၂၂ ရက်မှ ၅-၉-၂ဝ၂၂ ရက်အထိ ဒုတိယအကြိမ် လာရောက်၍ ကွင်းဆင်းခြင်း၊ အကြံပြုချက်များပေးခြင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား သင်တန်းပေးခြင်း (Revival of Ancient Hydrology Field On-Site Training)နှင့် ညောင်ဦးခရိုင် အတွင်းရှိ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် ဗဟုသုတများ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရေစီမံခန့်ခွဲမှု သုတေသနပညာရှင်က အခြားကမ္ဘာ့အမွေအနှစ်ဒေသများတွင် ရေစီမံ ခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်သည့် နည်းစနစ်အတိုင်း ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ် ရေစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုထားပါသည် -
(က) ရေဝပ်မှု ဖြစ်ပေါ်ခဲ့သည့် လမ်းမကြီးဘေးတွင် ရေနုတ်မြောင်းများ ဖောက်လုပ်ခြင်း၊
(ခ) ကျေးရွာအတွင်းလမ်းများနှင့် ကျေးရွာချင်းဆက်လမ်းများ၏ ဘေးတွင် ရေနုတ်မြောင်းများ ဖောက်လုပ်ခြင်း၊
(ဂ) လောကနန္ဒာဘုရား ရေတိုက်စားမှုအား အင်ဂျင်နီယာနည်းပညာဖြင့် ၃ မီတာအရှည် Cutout ပြုလုပ်ပြီး မြစ်ရေတင် စီမံကိန်းနှင့် ချိတ်ဆက်၍ ရေရှည်အကျိုး ဖြစ်ထွန်းစေမည့်နည်းလမ်းဖြင့် သုတေသနပြုဆောင်ရွက်ခြင်း၊
(ဃ) ညောင်လက်ဖက်ကန်အနီးတွင် ရေပိုလွှဲပြုလုပ်၍ ကျုံးအတွင်းဖြစ်စေ၊ ဧရာဝတီ မြစ်အတွင်းဖြစ်စေ ရေလွှဲဖောက်လုပ်ခြင်း၊
(င) အနော်ရထာလမ်းမ၏ တောင်ဘက်မှမြောက်ဘက်သို့ ရေစီးဆင်းစေရန် အတွက် ရေလမ်းကြောင်းများဖော်ဆောင်ပေးခြင်း၊
(စ) ပုဂံဒေသအတွင်း ရှေးခေတ် ရေစီးဆင်းမှု အချင်းချင်းချိတ်ဆက်နိုင်သည့် Network တည်ဆောက်ခြင်း၊
(ဆ) ကွန်တို (Contour Lines) များဖြင့် Contour Map of Bagan Water Management System အသေးစိတ်မြေပုံများရေးဆွဲပြီး ရေကြီး၊ ရေလျှံမှု ထမ်မံမဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ခြင်း၊
(ဇ) ကြာဖြူကန်(ပုဂံ- ညောင်ဦး လေဆိပ်အနီး) အား မပျက်စီးစေရေး ထိန်းသိမ်းခြင်း၊
(ဈ) မြကန် - အလံပုဂံကန် ချိတ်ဆက်မှုအား ပြန်လည်ဖော်ထုတ်ခြင်း၊
(ည) ခရီးသွားလုပ်ငန်း (Tourism) အတွက် ရှေးခေတ် ရေစီမံခန့်ခွဲမှု(Hydrology) နှင့် ပတ်သက်သည့် ပုဂံဒေသအတွက် ခရီးစဉ်ဖော်ဆောင်ခြင်း၊
(ဋ) စူဠာမဏိဘုရား တံတိုင်းအောက်ခြေရှိ ရှေးခေတ်ရေထွက်ပေါက်နှင့် ရေထွက်စနစ်အား ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်း၊
(ဌ) ထိန်ကန်၊ စူဠာမဏိဘုရား၊ ရွှေနန်းရင်တော် အနီးတစ်ဝိုက်၌ အသေးစိတ်သုတေသနပြုခြင်း စသည့်အချက်များ ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် ကနေဒါနိုင်ငံ Trent University နှင့်ပူးပေါင်း၍ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တုရင်တောင်၊ သက်စိုးတောင်၊ ကတက်ကန်နှင့် နတ်ရေကန် အနီးတွင် “Integrated Socio-Ecological History of Residential Patterning, Agricultural Practices, and Water Management at the “Classical” Burmese (Bama)Capital of Bagan, Myanmar (11th to 14th Century CE)” သုတေသနလုပ်ငန်းကို လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တုရင်တောင်ပေါ်ရှိ နတ်ရေကန်၊ ဘုရားအမှတ်(၃၁၅) အနောက် မြောက်ဘက်၊ အနောက်အိုးထိန်းတောင်၏ အရှေ့ဘက်နှင့် ရွှေချောင်းနေရာတို့တွင် တူးဖော် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ပုဂံခေတ် လူမှုစီးပွားဘဝဆိုင်ရာများ လေ့လာနိုင်ရန်အတွက် ကျေးရွာများတွင် တူးဖော်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးခေတ် ရေအရင်းအမြစ်ဆိုင်ရာ အထောက်အထားများ ရှာဖွေ၊ ဖော်ထုတ်သုတေသနပြုခြင်းလုပ်ငန်းကို နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာ ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်သာမက နှစ်စဉ်တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ ရေစီမံခန့်ခွဲမှု တူးဖော်သုတေသနလုပ်ငန်းများ အဖြစ်-
(က) သန့်စင်ကြယ်ကျေးရွာနှင့် အရှေ့ဖွားစောကျေးရွာ ဧရိယာအကြားရှိ ရေအသုံးချမှုဆိုင်ရာ အရင်းအမြစ်များ တူးဖော်သုတေသနပြုခြင်း၊
(ခ) အလံပုဂံကန် အရှေ့ဘက်မှ တုရင်တောင်မြောက်ဘက်သို့ စီးဆင်းလာသောရေလာရိုးကို တူးဖော်သုတေသနပြုခြင်း၊
(ဂ) အလံပုဂံကန် အရှေ့ဘက် ရွှေချောင်းမှတောင်ကျောင်းကန်သို့ စီးဆင်းသောရေလာရိုးကို တူးဖော်သုတေသနပြုခြင်း၊
(ဃ) အလံပုဂံကန် အရှေ့မြောက်ဘက် ကျောက်ရိုးတန်းရှိသည့် နေရာကို တူးဖော်သုတေသနပြုခြင်း၊
(င) အလံပုဂံကန်မြောက်ဘက် ကျောက်ရိုးတန်းရှိသည့်နေရာကို တူးဖော်သုတေသနပြုခြင်း၊
(စ) အလံပုဂံကန်၏ အရှေ့တောင်ဘက်ကန်ပေါင်ဟု ယူဆရသည့် နေရာတို့တွင် တူးဖော်သုတေသနပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
သဲကျောက်တုံးများဖြင့် အခိုင်အမာစီထားသော ရေလှောင်ကန်
တူးဖော်သုတေသနပြုခဲ့သည့် အလံပုဂံကန်သည် သန့်စင်ကြယ်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၉ဝဝ ကျော်နှင့် ကုန်းတန်းကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ တွင် တည်ရှိပါသည်။ သဲကျောက်တုံးများဖြင့် အခိုင်အမာ စီထားသော ရေလှောင်ကန် အမျိုးအစားဖြစ်ပြီး မြားခေါင်းပုံ ရှည်မျောမျောပုံသဏ္ဌာန်ဖြစ်ပြီး ၄၀ ဒသမ ၆၅ ဧကခန့် ကျယ်ဝန်းပါသည်။
ယခုအခါ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရှေးခေတ်က အသုံးပြုခဲ့သော ရေလမ်းကြောင်းများ မှာ ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း အမျိုးမျိုး ဆောင်ရွက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းနှင့် ကျူးကျော်ခြင်းများကြောင့် ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေပြီး မိုးရေကြီးပါက စီးဆင်းစရာ လမ်းကြောင်းများ မရှိတော့ဘဲ ရှေးဟောင်း အဆောက်အအုံ စေတီ၊ ပုထိုးများ၏ ပရိဝုဏ်ထဲသို့ ရေများဝင်ရောက်၍ ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် မိုးရွာသွန်းမှုများပြားခြင်းနှင့် ရေဝပ်ခြင်း၊ ရေလွှမ်းမိုးခြင်းတို့ ကြောင့် နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဖြစ်သည့် ပုဂံဒေသရှိ စေတီပုထိုး၊ ဂူဘုရားများ၊ ရှေးဟောင်း အဆောက်အအုံများအား ထိခိုက်ပျက်စီးမှုမရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း အများပြည်သူများ သိရှိနိုင်ပါရန် အသိပေးတင်ပြလိုက်ရပါသည်။ ။