ဆောင်းပါး - ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် တစ်ခုအပါအဝင်ဖြစ်သော ပုဂံဒေသသည် မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အနီးတွင် တည်ရှိပါသည်။ ပုဂံဒေသတွင် ပုဂံခေတ်လက်ရာများသာမက ပုဂံ ခေတ်နှောင်းပိုင်း (ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်) ခေတ်အထိ ခေတ်အဆက်ဆက်လက်ရာများကို တစ်စုတစ်ဝေးတည်း လေ့လာနိုင်ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် ကာကွယ် စောင့်ရှောက်မှု ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ သို့သော် ၁၉၇၂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးပြီးမှသာ မိမိတို့နိုင်ငံရှိ အမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်း ဆောင်ရွက်နိုင် မည် ဖြစ်ပါသည်။ ကမ္ဘာ့အမွေအနှစ်တင်သွင်းရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှာ -
(က) ၁၉၇၂ ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးခြင်း၊
(ခ) မိမိနိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ဦးစွာရှာဖွေ လေ့လာခြင်း၊
(ဂ) ယင်းစာရင်းများကို အဆိုပြုလွှာတင်သွင်းခြင်း (Tentative List) (အဆိုပြုလွှာတင်သွင်းခြင်းမရှိသော အမွေအနှစ်များ ကို ကမ္ဘာ့အမွေအနှစ်အဖြစ် အဆိုတင်သွင်းခွင့် မရှိပါ၊)
(ဃ) တင်သွင်းထားသော အဆိုပြုလွှာများကို အကြံပေးအဖွဲ့များ က စစ်ဆေးခြင်း၊
(င) ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ သဘောတူညီချက်ဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ကြခြင်းတို့ ဖြစ်ပါသည်။
ပုဂံဒေသကို စံနှုန်းသတ်မှတ်ချက် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) တို့ဖြင့် ၄-၁ဝ-၁၉၉၆ ရက်နေ့တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ ပထမအကြိမ် တင်သွင်းခဲ့ပါသည်။ သို့သော် ၂၈-၁၂-၁၉၉၇ ရက်နေ့မှ ၂၉-၁၂-၁၉၉၇ ရက်နေ့အထိ ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ညီလာခံအစည်းအဝေးမှ ပုဂံဒေသတွင် တိကျသည့် စီမံခန့်ခွဲမှုစနစ် (Management Plan) မရှိခြင်း ၊ ယဉ်ကျေးမှုအမွေ အနှစ်များကို ကာကွယ်ထိန်းသိမ်းသည့် ဥပဒေ (Law) မရှိခြင်း၊ တိကျ သည့် နယ်မြေသတ်မှတ်ချက် (Boundary) မရှိခြင်းတို့ကြောင့် နောက်နှစ်နှစ်မှသာ ပြန်လည်တင်ပြပေးရန် (Refer back)အဖြစ် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ဆုံးဖြတ်ခဲ့ကြသည်။ သို့သော် အကြောင်း အမျိုးမျိုးကြောင့် တင်သွင်းနိုင်ခြင်းမရှိဘဲ ၂ဝ၁၄ ခုနှစ်မှသာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တက္ကသိုလ်များ၊ အခြားအဖွဲ့အစည်းများ၊ ပရဟိတ အသင်းများ၊ ဒေသခံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ အားလုံးပူးပေါင်း၍ ပုဂံဒေသအား ဒုတိယအကြိမ် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယအကြိမ် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ပုဂံ၏ Landmark ဖြစ်သည့် စွယ်တော်လေးဆူ (ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်၊ တန့်ကြည်တောင်)အတွင်း ရှေးဟောင်းအဆောက်အအုံ များ တစ်စုတစ်ဝေးတည်း တည်ရှိနေသည့်အတွက် တန့်ကြည်တောင် ဘက်အခြမ်းကိုပါ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခဲ့သည့်အတွက် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဟူ၍ တိုင်းနှစ်တိုင်း ပူးတွဲတင်ပြခဲ့ပါသည်။ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ချက်နှင့်အညီ ယဉ်ကျေး မှုအမွေအနှစ်များတည်ရှိရာဒေသ(Property Area-PA)၊ ကြားခံဒေသ (Buffer Area-BA) ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားတင်သွင်းခဲ့ပါသည်။ အကျယ်အဝန်းအဖြစ် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ (PA) ၁၂၃၄၂ ဒသမ ၉၂ ဧက၊ ကြားခံဒေသ (BA) ၄၄၃၄၆ ဒသမ ၂၉ ဧက စုစုပေါင်း ၅၆၆၈၉ ဒသမ ၂၁ ဧက တင်သွင်းခဲ့ပါသည်။ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသတွင် ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၃၈၃၇ ဆူရှိပြီး မန္တလေးတိုင်း (ပုဂံဒေသ)တွင် ၃၈၂၂ ဆူ၊ မကွေးတိုင်း (ပခုက္ကူ၊ တန့်ကြည်တောင်အနီး)တွင် ၁၅ ဆူ ရှိပါသည်။ ယဉ်ကျေးမှုအမွေအနှစ် များတည်ရှိရာဒေသ (Property Area-PA) အတွင်း ကျေးရွာ ခြောက် ရွာနှင့် မြို့နှစ်မြို့ (ညောင်ဦးမြို့နှင့် ပုဂံမြို့သစ်)၊ ကြားခံဒေသ (Buffer Area-BA)အတွင်း ကျေးရွာပေါင်း ၃၅ ရွာ တည်ရှိပါသည်။
ကမ္ဘာ့အမွေအနှစ်တင်သွင်းရာတွင် မိမိတို့အမွေအနှစ်များသည် “လူသားအားလုံး အသိအမှတ်ပြုနိုင်သောတန်ဖိုး (Outstanding Universal Value, OUV) ၊ အမွေအနှစ်များအတွက် သတ်မှတ်ထားသော စံနှုန်း (Criteria)”များနှင့်လည်း ကိုက်ညီနေရန်လည်း လိုအပ်ပါသည်။
ကမ္ဘာ့အမွေအနှစ် အမျိုးအစား သုံးမျိုးရှိရာ -
(က) ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်(World Cultural Heritage)၊
( ခ ) ကမ္ဘာ့သဘာဝအမွေအနှစ်(World Natural Heritage) နှင့်
( ဂ ) ကမ္ဘာ့သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ် (Mix World Heritage) တို့ ဖြစ်ပါသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ် စာရင်း(World Cultural Heritage) အဖြစ် တင်သွင်းရေးအတွက် အဆိုပြုစာတွဲ(အပြည့်အစုံ)Nomination Dossier (Complete) တွင် စာတွဲ (၅) တွဲဖြင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းအချိန်မီ တင်ပြခဲ့ပါသည်။ အဆိုပါ စာတွဲ(၅) တွဲမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) Volume I - အမွေအနှစ်ဒေသ၏ အမည်နှင့် သတ်မှတ် ချက်၊ အမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေး လုပ်ငန်း၊ လက်ရှိအခြေအနေနှင့် အမွေအနှစ် အပေါ် ထိခိုက်စေသော အကြောင်းအရာ များ၊ အမွေအနှစ်များကို ကာကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ အမွေအနှစ်ဆိုင်ရာ တင်ပြ ချက်၊ မှတ်တမ်းနှင့် အထောက်အထားများ၊ အမွေအနှစ်၏ တန်ဖိုးနှင့် ပတ်သက်၍ ဆန်းစစ် ဖော်ထုတ်တင်ပြချက်များ၊
(ခ ) Volume II - ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်း၊ ပုဂံဒေသရှိ နန်းတော်ရာများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ နှစ်ထပ်စေတီများ၊ သံချက်ဖို များ၊ စဉ့်ဖိုများ၊ နတ်ကွန်းများ၊ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုမှတ်တမ်း များ၊ ရေစီမံခန့်ခွဲမှုများ၊ ဗိသုကာနှင့် အနုလက်ရာများ၊
(ဂ) Volume III - ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲမှုမူဘောင်၊ ပုဂံဒေသတွင်း စီမံကိန်း၊ ပုဂံဒေသတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု မဟာဗျူဟာများ၊
(ဃ) Volume IV - ပုဂံဒေသအတွက် သင့်လျော်သော အမွေ အနှစ်ဆိုင်ရာ လမ်းညွှန်ချက်များ၊ ရှေးဟောင်းအဆောက်အအုံ၏ ထိန်းသိမ်း ရေးလုပ်ငန်းများအတွက် လက်စွဲ၊ နံရံ ဆေးရေးပန်းချီနှင့် ဗိသုကာဆိုင်ရာ အပြောက်အမွမ်း လက်ရာများအတွက် ထိန်းသိမ်းရေးလမ်းညွှန်ချက်များ၊ ငလျင် အပြီး ရှေးဟောင်းအဆောက်အအုံများ၏ တည်ဆောက်မှုဆိုင်ရာ ယာယီထိန်းသိမ်း ခြင်းလုပ်ငန်းလမ်းညွှန်ချက်များ၊
(င) Volume V - မြေပုံများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နယ်မြေမြို့ပြနှင့် ဒေသစီမံ ကိန်းများ၊
ပုဂံဒေသကို ဒုတိယအကြိမ် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း ခဲ့သည့်အခါတွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (World Cultural Heritage) အတွက် တင်သွင်းခြင်းဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ် အတွက် သတ်မှတ်ထားသည့် စံနှုန်း(၆)ချက်အနက်မှ အောက်ပါစံနှုန်း သတ်မှတ်ချက် (၃)၊ (၄)၊ (၆) တို့ဖြင့် တင်သွင်းခဲ့ပါသည် -
(က) (စံနှုန်း ၃) Testimony ။ တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက်သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ် တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊
(ခ ) (စံနှုန်း ၄) Typology ။ လူ့သမိုင်းတွင် သိသာထင်ရှား ရသော အဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာ ဖော်ပြ ပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊
(ဂ) (စံနှုန်း ၆) Association ။ လူသားအားလုံး Association အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေလက်ရာများ ဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ၊
ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (World Cultural Heritage)အတွက် တင်ပြခဲ့သည့်အတွက် တင်ပြချက်စာတွဲများကို နိုင်ငံတကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ကောင်စီ (International Council On Monuments and Sites- ICOMOS) စုံညီအဖွဲ့က ဖတ်ရှုပြီး အဖွဲ့၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ လာရောက်၍ အကဲဖြတ်လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ ဘာကူကွန်ဗင်းရှင်း စင်တာ၌ ၃၀-၆-၂၀၁၉ ရက်နေ့မှ ၁၀-၇-၂၀၁၉ ရက်နေ့အထိ ကျင်းပ ခဲ့သည့် (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးမှ ပုဂံဒေသနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ် ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးနှင့် ယူနက်စကိုဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ ၈ ဦး၊ ပညာရှင် ၄ ဦး၊ ပရဟိတအဖွဲ့နှင့် ပုဂံချစ်သူများအဖွဲ့မှ ကိုယ်စားလှယ် ၂၆ ဦး စုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ (၄၃) ကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် ပုဂံဒေသ နှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းကို ၆-၇-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်း အစီအစဉ် ဒေသစံတော်ချိန် ၁၅:၀၀-၁၈:၀၀ နာရီ အစီအစဉ်အစပိုင်း တွင် စတင်ဆွေးနွေးခဲ့ကြသည်။ ကမ္ဘာ့အမွေအနှစ်ကော်မတီဝင် နိုင်ငံများ၏ ထောက်ခံမှုဖြင့်လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ ၏ အကြံပေးအဖွဲ့ဖြစ်သော နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ(ICOMOS-International Council on Monuments and Sites) မှ ပညာရှင်များ၏ ထောက်ခံမှုဖြင့် လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ ဆုံးဖြတ်ချက် အမှတ် 8 B (20 COM) အရ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာ နိုင်ငံအတွက် ဒုတိယမြောက် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာ ဖြစ်လာခဲ့ပါသည်။ ထိုသို့ အတည်ပြုခြင်းနှင့်အတူ ပုဂံဒေသနှင့် ပတ်သက်သည့် ဆက်လက်ဆောင်ရွက်ရမည့် အကြံပြုချက် ၁၉ ချက် ကို သတ်မှတ်ပေးခဲ့ပြီး အဆိုပါအကြံပြုချက် အစီရင်ခံစာအား ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား ပြန်လည်ပေးပို့ရန် ကမ္ဘာ့အမွေအနှစ်ကော်မတီမှ တစ်ပါတည်း သတ်မှတ်ပေးခဲ့ပါသည်။
အကြံပြုချက် ၁၉ ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) မဟာဗျူဟာရေးဆွဲခြင်းလုပ်ငန်း
- ဟိုတယ် ရေရှည်မဟာဗျူဟာရေးဆွဲခြင်း (Hotel Strategy)၊
- ပုဂံဒေသ ခရီးသွားလုပ်ငန်းဆိုင်ရာ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာရေးဆွဲခြင်း (Tourism Strategy)၊
- သဘာဝဘေးအန္တရာယ်ကျရောက်မှု စီမံခန့်ခွဲရေး မဟာဗျူဟာရေးဆွဲခြင်း (Disaster Risk Management Strategy) ၊
- ပုဂံဒေသစိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲခြင်း (Agri-culture Strategy)၊
- မြို့ပြနှင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှု စီမံကိန်းရေးဆွဲခြင်း (Regional Plan)။
အထက်ပါမဟာဗျူဟာရေးဆွဲရေးလုပ်ငန်းများကို ဆက်စပ်ဝန်ကြီး ဌာနများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
(ခ) သုတေသနလုပ်ငန်း
- ရှေးဟောင်းသုတေသနဆိုင်ရာ ဘေးအန္တရာယ်ပြမြေပုံ ရေးဆွဲခြင်းလုပ်ငန်း (Archaeological Map and Archaeological Risk Map)၊
- ပုဂံဒေသအတွက် တစ်ခုတည်းသော မြေပုံရေးဆွဲရေး လုပ်ငန်း (One Map for Bagan)၊
- ရေအရင်းအမြစ်သုတေသနလုပ်ငန်း(Water Manage-ment System)၊
- အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်လုပ်ငန်း (Heritage Impact Assessment, HIA)၊
- ပုဂံအမွေအနှစ်ဒေသ အဆောက်အအုံများကို မှတ်တမ်း စာရင်းပြုစုရန်နှင့် ယင်းအဆောက်အအုံများကို အဆင့်အတန်း သတ်မှတ်ခြင်းလုပ်ငန်း (Monument Grading)၊
- ရှေးဟောင်းသုတေသနဆိုင်ရာ အချက်အလက်များ ပြုစုတည်ဆောက်ခြင်းလုပ်ငန်း (Database)။
(ဂ) စီမံခန့်ခွဲမှုလုပ်ငန်း
- ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ မြေယာရှုခင်း သဘာဝ အခြေအနေ စီမံခန်ခွဲရေးလုပ်ငန်း (landscape Mana-gement System)၊
- စွမ်းဆောင်ရည်ပြည့်ဝသော စီမံခန့်ခွဲမှုလုပ်ငန်း (evaluating the carrying capacity)၊
- ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း (cultural heritage management)၊
- စောင့်ကြည့်လေ့လာစီမံခန့်ခွဲခြင်း (Monitoring System) လုပ်ငန်း။
(ဃ) ဇုန်စီမံခန့်ခွဲခြင်းလုပ်ငန်း
- ဇုန်နယ်မြေ ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းလုပ်ငန်း (Revise the Boundaries)၊
- ဇုန်တိုင်စိုက်ထူခြင်းလုပ်ငန်း (Zone Pallor)။
(င) အခြားလုပ်ငန်း
- နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် စီမံခန့်ခွဲမှုလုပ်ငန်း (All international missions working at Bagan to enter into formal agreements)၊
- အရေးပါသော စီမံကိန်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ရာတွင် ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း၏ လုပ်ငန်းလမ်းညွှန်ချက် အပိုဒ်(၁၇၂) နှင့်အညီ လိုက်နာ ဆောင်ရွက်ရေး (In line with paragraph 172 of Operational Guidelines for the Implementation of the World Heritage Convention)။ (အထက်ပါ လုပ်ငန်းများကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
အထက်ပါ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC)၏ အကြံပြုအချက် ၁၉ ချက်ပါ အစီရင်ခံစာ(State of Conservation Report of Bagan (1588), 2019. Myanmar) Digital Version (soft copy) အား အီးမေးလ်ဖြင့် ၂၄-၁၁-၂ဝ၂၁ ရက်နေ့တွင်လည်းကောင်း၊ Printed Version (Hard Copy) ကို DHL ဖြင့် ၂၆-၁၁-၂ဝ၂၁ ရက်နေ့တွင် လည်းကောင်း ကမ္ဘာ့အမွေအနှစ်ကော်မတီ (World Heritage Committee) သို့ ပြန်လည်ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါသည်။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးသော်လည်း အမွေအနှစ်နေရာများအား စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေး မှုဖွံ့ဖြိုးတိုးတက်မှုတို့ကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ သည်။ ဆက်လက်ဆောင်ရွက်ရမည့် အမွေအနှစ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မဟာဗျူဟာရေးဆွဲရေး လုပ်ငန်းစဉ်များကိုလည်း ပုံမှန်လုပ်ငန်းများ၊ သတ်မှတ်ထားသောအချိန်အတွင်း ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ အရေးပေါ်အခြေအနေအတွက် တုံ့ပြန်ဆောင် ရွက်ရမည့်လုပ်ငန်းများဆိုပြီး အဆင့်ဆင့်ခွဲခြား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်ရန်အတွက် ဆောင်ရွက်စဉ်က ပူးပေါင်းပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ဒေသခံပြည်သူ များ၊ ဒေသခံပရဟိတအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ အမွေ အနှစ်ချစ်မြတ်နိုးကြသူများ၊ ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်ကြီးများအားလုံး စည်းလုံးညီညွတ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်မှသာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် (၃)နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကမ္ဘာ့ အမွေအနှစ်ဒေသအဖြစ် အဓွန့်ရှည်တည်တံ့နေမည် ဖြစ်ပါသည်။
မိမိတို့နိုင်ငံရှိ အမွေအနှစ်များ ကမ္ဘာ့အဆင့် အသိအမှတ်ပြုခံရခြင်း သည်လည်း မိမိတို့နိုင်ငံဂုဏ်သိက္ခာဖြစ်သကဲ့သို့ မိမိတို့နိုင်ငံမှ အမွေ အနှစ်များ ကမ္ဘာ့အဆင့်အသိအမှတ်ပြုခံရခြင်းမှ ထုတ်ပယ်ခံရခြင်း (Danger List)သည်လည်း မိမိတို့နိုင်ငံဂုဏ်သိက္ခာ ကျဆင်းခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များ ဆောင်ရွက်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုးကြီးမားမှု ကို သိရှိနားလည်သဘောပေါက်ပြီး အမွေအနှစ်များကို ကာကွယ်ရင်း၊ ဒေသခံများ၏ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်ရင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ကမ္ဘာ့အမွေအနှစ်ဒေသနှင့်အညီ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ဘက်စုံလွှမ်းခြုံသောစီမံခန့်ခွဲမှု မူဘောင် တို့နှင့်အညီ ပူးပေါင်းဆောင်ရွက်လျက် ကမ္ဘာတည်သရွေ့ ပုဂံ ကမ္ဘာ့ အမွေအနှစ်ဒေသအဖြစ် အဓွန့်ရှည်တည်တံ့ပါစေကြောင်း ဂုဏ်ပြု မှတ်တမ်းတင်ရေးသားလိုက်ပါသည်။ ။