ပုဂံလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ လူရည်ချွန်ကျောင်းသားကျောင်းသူများ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အထင်ကရဘုရားများဖူးမြော်လေ့လာ

ညောင်ဦး ဧပြီ ၂၈

ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် လူရည်ချွန်ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပုဂံလူရည်ချွန်စခန်းကို လူရည်ချွန် ကျောင်းသားကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

mdn

 

ထို့နောက် အခမ်းအနားကို Heritage Hotel ၌ ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ၊ နဝမတန်း လူရည်ချွန် ကျောင်းသားကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား၍ လူရည်ချွန် ကျောင်းသားကျောင်းသူများအတွက် လူရည်ချွန် တံဆိပ်များကို ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တစ်ဦးစီထံ ပေးအပ်ကာ လူရည်ချွန်ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများက လူရည်ချွန်ကျောင်းသား ကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ကြပြီး လူရည်ချွန်ကျောင်းသားကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ၍ လူရည်ချွန်ကျောင်းသားကျောင်းသူများက အမှတ်တရသစ်ပင် စိုက်ပျိုးကြသည်။

ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် မနုဟာဘုရား၊ မြစေတီဘုရား၊ ဗူးဘုရား ၊သဗ္ဗညုဘုရား၊ ထီးလိုမင်းလိုဘုရားနှင့် ရွှေစည်းခုံဘုရားတို့ကို ဖူးမြှော်ကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများက ဘုရားသမိုင်းကြောင်းနှင့် နံရံဆေးရေးပန်းချီများ၊ ဗိသုကာလက်ရာများကိုရှင်းလင်းပြောကြားရာ လူရည်ချွန် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင် ပြန်/ဆက်