ပုဂံလူရည်ချွန်စခန်းမှ Grade-9 လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ပုပ္ပားတောင် ပရဆေးဥယျာဉ်နှင့် ရေမြေတောတောင် သဘာဝပေါက်ပင်တို့အား လေ့လာ

ညောင်ဦး ဧပြီ ၃၀

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ ကျောက်ပန်းတောင်းမြို့နယ် အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်ကွာဝေးသည့် ပုပ္ပား၊ တောင်ကလပ်သို့ ပုဂံလူရည်ချွန်းစခန်းမှ စခန်းမှူး ဒေါက်တာစိုးမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးဆောင်သော ကြီးကြပ်သူ ဆရာ/မများ လိုက်ပါလျက် ယနေ့ နံနက် ၈ နာရီက ပုပ္ပားတောင်သို့ လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

 

ထိုသို့ ပုဂံလူရည်ချွန်စခန်း Grade-9 လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ပုပ္ပား/တောင်ကလပ်သို့ ရောက်ရှိလာခဲ့ရာ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ တောင်ကလပ်ဂေါပက ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ ဒေသခံကျောင်းသားကျောင်းသူများက ကြိုဆိုခဲ့ကြပြီး လူရည်ချွန် ကျောင်းသား/ကျောင်းသူများသည် ပတ္တမြားစောင်းတန်းအတိုင်း တောင်ကလပ်သို့တက်ရောက်ခဲ့ကြသည်။

 

စောင်းတန်းတစ်လျှောက် ဘုရားများဖူးမြော်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ၊ သဘာဝရှုခင်းများ ကြည့်ရှုခဲ့ကြပြီး တောင်ကလပ်အောက်ခြေရှိ မူလတန်းလွန်ကျောင်းတွင် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်မော်မော်နှင့် ဆရာ/ဆရာမများမှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။ ထို့နောက် ပုဂံလူရည်ချွန်စခန်းမှ လူရည်ချွန် ကျောင်းသား/ကျောင်းသူများသည် သစ်တောဦးစီးဌာန၊ ပရဆေးဥယျာဉ်ပြတိုက်သို့ ရောက်ရှိကြပြီး ခင်းကျင်းပြသထားသည့် ပရဆေးပင်များ၊ ပုပ္ပားတောင်ဥယျာဉ်အတွင်း ကျင်လည်ကျက်စားသည့် ငှက်မျိုးစိတ်များ၊ လိပ်ပြာမျိုးစိတ်များ၊ ပေါက်ရောက်သည့် သစ်အမျိုးအစားများအား ပုပ္ပားတောင်ဥယျာဉ် တာဝန်ရှိသူများမှ ရှင်းလင်းပြသပေးပြီး လူရည်ချွန် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြကာ ပရဆေးဥယျာဉ်အတွင်း စိုက်ပျိုးထားသည့် တိုင်းရင်းဆေးပင်များအား လိုက်လံလေ့လာကြည့်ရှုကြသည်။

 

ဆက်လက်၍ လူရည်ချွန် ကျောင်းသား/ကျောင်းသူများ၊ ကြီးကြပ်သူ ဆရာ/မကြီးများမှ Popa Mountain Resort သို့ ရောက်ရှိကြပြီး ပုပ္ပားတောင်မကြီးအလယ်မှ တောင်ကလပ်ရှုမျှော်ခင်းများ ကြည့်ရှုခြင်းနှင့် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒီပါလင်း