ပုဂံ ၁၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံဘင်ခရာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက အဆိုပါ ပုဂံမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပဒေသာခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ညောင်ဦးခရိုင်ပညာရေးမှူး ဦးတင်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဘင်ခရာသင်တန်းသားများ ဂုဏ်ပြုချီးကျူးစကား ပြောကြားသည်။ ထို့နောက် ပုဂံမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက အခြေခံဘင်ခရာသင်တန်းသို့ တက်ရောက်သင်ယူခဲ့ကြသော ကျောင်းသားကျောင်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးခဲ့သော ဘင်ခရာတီးခတ်မှုနည်းစနစ်များကို မမေ့ပျောက်အောင် အစဉ်အမြဲလေ့ကျင့်ကြစေလိုကြောင်းနှင့် မိမိတို့ လေ့လာသင်ယူခဲ့ရသော သင်ခန်းစာများကို စိတ်ဝင်စားသူများရှိပါက လက်ဆင့်ကမ်း မျှဝေသင်ကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးဌေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြဆရာများက ဦးဆောင်ကာ ဘင်ခရာသင်တန်းသား ကျောင်းသားကျောင်းသူ (၇၀)ဦးက ပုဂံမြို့တွင်းတစ်ပတ်လှည့်လည်၍ သင်တန်းမှ သင်ယူခဲ့ရသော အခြေခံဘင်ခရာတီးခတ်မှုများကို သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)