ပုဂံ ၃ ဇန်နဝါရီ    

 

နှစ်သစ်ကူးရုံးပိတ်ကာလ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်း ၊ ပြည်ပ ဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ဖူးမြော်ကြည်ညိုကြကြောင်း သိရကာ ပြည်တွင်း ဘုရားဖူး ဧည့်သည်များသည် ပုဂံဒေသအမှတ်တရအဖြစ် ပုဂံမြို့၊ လောကနန္ဒာဘုရားရင်ပြင်ပေါ်၌ ဈေးသည်များရောင်းချသည့် ဆင်းတုတော်များကို အကြိုက်တွေ့ကာ ဝယ်ယူ အားပေးမှုများကြောင်း အဆိုပါ လောကနန္ဒာဘုရားရင်ပြင်ပေါ်ရှိ ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်ရောင်းချနေသည့် ဈေးသည်များထံမှ သိရသည်။

 

 “ကျွန်မတို့ ခုရက်ပိုင်းမှာ ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်များ ရောင်းရတာ အဆင်ပြေပါတယ်။ ဒီရက်ပိုင်း အတွင်းမှာ နှစ်သစ်ကူးရုံးပိတ်ရက်နဲ့ တိုက်ဆိုင်နေတော့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ လာရောက်ဖူးမြော်တဲ့သူ အရမ်းများပါတယ်။ ပုဂံညောင်ဦးဒေသကို လာရောက် လည်ပတ်ကြတဲ့ ပြည်တွင်းဘုရားဖူးဧည့်သည်တွေဟာ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားတွေကို အများဆုံး သွားရောက်ဖူးမြော် လည်ပတ်ကြတာများပြီး ဘုရားဖူးပြီးရင် အိမ်အပြန် လက်ဆောင်အဖြစ် ပုဂံအမှတ်တရ ဘုရားဆင်းတုတော်များကို ဝယ်ယူအားပေးကြပါတယ်။ ဘုရားဆင်းတုတော်များကို ကျွန်မတို့ ပုဂံမြို့က လောကနန္ဒာဘုရားအပြင် သမိုင်းဝင် တန်ခိုးကြီး ဘုရားတွေမှာ ရောင်းချကြပါတယ်။ ပုဂံရောက်အမှတ်တရ ဘုရားဆင်းတုတော်များကို အနည်းဆုံး ငွေကျပ် ၅၀ဝ ကနေ အများဆုံးငွေကျပ် ၁၂ သိန်းတန် အထိ ရောင်းချပါတယ်။ ဟိုတစ်နေ့ကဆိုရင် ဘုရားဖူး ဧည့်သည်တစ်ဦးကို (၁၂)သိန်းတန် ဘုရားဆင်းတုတော်တစ်ဆူ ရောင်းချလိုက်ရပါတယ်။ အများဆုံးရောင်းချရတဲ့ ဘုရားဆင်းတုတော်တွေကတော့ အလိုတော်ပြည့်ဘုရားဆင်းတုတော် ဖြစ်ပါတယ်။ အလိုတော်ပြည့်ဘုရားဆင်းတုတော်ကိုလည်း အနည်းဆုံးငွေကျပ် ၂၀ဝ၀ မှ အများဆုံး ငွေကျပ် (၆)သိန်းတန်အထိ ရောင်းချပါတယ်။ ကျွန်မတို့လို ပုဂံရောက်အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ရောင်းချသူများအနေနဲ့ ဘုရားဖူးခရီးသွားဧည့်သည်တွေကို အမှီပြုပြီး ဈေးရောင်း ရတာဖြစ်လို့ ယခုလို နှစ်သစ်ကူးရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်နဲ့ နေ့ထူးနေ့မြတ် ခါကြီးရက်ကြီးတွေမှာ ဘုရားဖူးဧည့်သည်အလာများတဲ့ အချိန် ဈေးရောင်းကောင်းပြီး လုပ်ငန်း အဆင်ပြေတာ ဖြစ်ပါတယ် ဟု ပုဂံမြို့ ၊ လောကနန္ဒာဘုရားရင်ပြင်ပေါ်ရှိ ပုဂံအမှတ်တရ ဘုရားဆင်းတုတော်များ ရောင်းချသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောပြသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )