ပုဂံမြို့ လောကနန္ဒာမြစ်ရေတင်စီမံကိန်းတစ်ဝိုက်မှ တောင်သူများ ဆောင်းမြေပဲအဓိကထား စိုက်ပျိုးလျက်ရှိ

ပုဂံ၊ ၁၇ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့သစ်ရှိ လောကနန္ဒာမြစ်ရေတင်စီမံကိန်းဖြင့် ဆောင်းမြေပဲများကို နိုဝင်ဘာလ ဒုတိယအပတ်မှ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

 

လောကနန္ဒာမြစ်ရေတင်စီမံကိန်းကို အမှီပြုစိုက်ပျိုးသည့် ပုဂံ-ညောင်ဦးမြို့နယ် ရွှေတွင်းရွာ၊ နတ်ကြို့အိုင်၊ ကံပေါက်(အရှေ့)၊ ကံပေါက်(အနောက်)နှင့် တရွင်းတိုင်ရွာများမှ တောင်သူများအနေဖြင့် မိုးစပါး ရိတ်သိမ်းပြီးသည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှစတင်၍ သီးထပ်သီးနှံဖြစ်သည့် ဆောင်းမြေပဲကို အဓိက ထားစိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲများကို နိုဝင်ဘာလဆန်းမှ စတင်ကာ ဇန်နဝါရီလဆန်းအထိ အစေ့ချ စိုက်ပျိုးကြကြောင်း၊ ပုံမှန်နှစ်များထက်မိုးခေါင်ခြင်းကြောင့် ယခုနှစ်မိုးမြေပဲစိုက်ပျိုးမှုမှာ အရင်းပြန် မရနိုင်သည်အထိ အရှုံးပေါ်ခဲ့ကြောင်း၊ ထို့ကြောင့်ရေသွင်းစိုက်ပျိုးသည့် ဆောင်းမြေပဲကို တောင်သူအများစုက အားထားစိုက်ပျိုးနေကြကြောင်း ရွှေတွင်းရွာမှ ဆောင်းမြေပဲစိုက်တောင်သူဦးတင်ရှိန်က ပြောကြားသည်။

 

ဆောင်းမြေပဲအပြင် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲထောင့်ရှည်၊ ကြက်ဟင်းခါးသီး စသည့် အခြားသီးနှံပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရသည်။

 

ယခင်နှစ်က တစ်ဧကလျှင် မြေပဲထောင့်တစ်တင်းခွဲစိုက်ရပြီး အထွက်နှုန်းအနေဖြင့် တင်း ၃၀ ခန့်ရှိကြောင်း၊ မြေပဲထောင့်တစ်ပိဿာလျှင် ဈေးအတက်အကျပေါ်မူတည်ကာ ၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိ ရောင်းချခဲ့ရကြောင်း ဦးတင်ရှိန်က ဆက်လက်ပြောကြားသည်။

 

လောကနန္ဒာမြစ်ရေတင်စီမံကိန်းမှ ထွက်ရှိသည့်မြေပဲများကို ရွာခံပွဲစားများနှင့် ပုဂံ-ညောင်ဦးမြို့တွင်း ပွဲစားများမှ မြေပဲထောင့်တစ်ဆွဲ(၁၀ ပိဿာ)လျှင် ငွေကျပ် ၁၇၀၀၀ မှ   ၂၀၀၀၀ အထိလာရောက်ဝယ် ယူကြ ကြောင်း၊ မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၂၈၀၀ မှ ၃၀၀၀ အထိရောင်းချရကြောင်း၊ အရှုံးပေါ်ခဲ့သည့် မိုးမြေပဲကို ဆောင်းမြေပဲအထွက်တိုးခြင်းဖြင့် အစားထိုးနိုင်ရန် တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)