ညောင်ဦး ၃၀ အောက်တိုဘာ
ခရီးသွား ရာသီချိန် ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ စိတ်ဝင်တစ်စား ဝင်ထွက်သွားလာဖူးမြော်ရာ နေရာဒေသတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့ စေတီပုထိုးများ၌ ယနေ့နံနက်ပိုင်းက ဘုရားဖူးခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိနေကြောင်း ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံ ပြည်သူများထံမှ သိရသည်။

ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ဘုရားစေတီပုထိုးများအား ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဘုရားဖူးခရီးသွား ဧည့်သည်များ အနေဖြင့် ရေလမ်းခရီး၊ လေလမ်းခရီးနှင့် ကုန်းလမ်းခရီးတို့ဖြင့် လာရောက်ဖူးမြော်နိုင်သည်။ ထို့အပြင် ဘုရားဖူးခရီးသွားဧည့်သည်များ စိတ်အပန်းဖြေနိုင်ရန်နှင့် ဆင်များနှင့် ရင်းနှီးကျွမ်းဝင်ရှိစေကာ ဆင်နှင့် ပတ်သက်သော ဗဟုသုတများ လေ့လာနိုင်ရန်အတွက် ညောင်ဦးမြို့နယ် ပလင်းကျေးရွာအနီး ပလင်းကမ်းသာယာ ဆင်စခန်းကိုလည်း အပန်းဖြေ လည်ပတ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။

“ရှေးဟောင်း ဘုရားစေတီပုထိုးများစွာ ပေါကြွယ်ဝသည့် ကျွန်မတို့ မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟာ ယခုဆိုရင် ခရီးသွားရာသီချိန် ရောက်ရှိလာပြီဖြစ်လို့ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်ဖူးမြော်နေကြပါပြီ။ ဒီနေ့ မနက်ဆိုရင် သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်တဲ့ အာနန္ဒာဘုရားကြီးမှာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ ကားကြီးကာငယ်မျိုးစုံနဲ့ အများအပြား လာရောက်ဖူးမြော်ကြတာ အလွန်စည်ကားနေတာပါပဲ။ ဘုရားဖူး ဧည့်သည်တွေ အလာများလို့ ဘုရားအနီးက ဈေးဆိုင်တွေလည်း ဈေးရောင်းရလို့ ဝမ်းသာပျော်ရွှင် နေကြပါတယ်။ ကျွန်မတို့ဒေသကို ဘုရားဖူးလာကြတဲ့ ပြည်တွင်းဘုရားဖူး ဧည့်သည်အများစုကတော့ လူသိများတဲ့ သမိုင်းဝင် တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ တုရင်တောင်၊ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တန့်ကြည်တောင်၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မနူဟာ၊ မြစေတီ၊ ဓမ္မရာဇက၊ ဓမ္မရံကြီး၊ စူမဠာမဏိ စတဲ့ တန်ခိုးကြီးဘုရားတွေကို သွားရောက်ဖူးမြော်ကြတာ များပါတယ်။ တစ်ချို့တွေကျတော့လည်း ဆုတောင်းပြည့်အောင်ဆိုပြီး အဓိဌာန်နဲ့ စွယ်တော်လေးဆူကို အဓိကထား သွားရောက်ဖူးမြော် ကြပါတယ်။ အခုလို ဘုရားဖူးဧည့်သည်တွေ အများအပြား လာရောက်ဖူးမြော်တဲ့အတွက် ကျွန်မတို့ဒေသက အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ ပုန်းရည်းကြီးရောင်းတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်လုပ်ငန်းရှင်တွေ အဆင်ပြေကြပါတယ်။ နောက်ပြီး ကျွန်မတို့ ပုဂံညောင်ဦးမှာ ဘုရားဖူး ဧည့်သည်တွေ စိတ်အပန်းဖြေ နိုင်ရန်အတွက် ပလင်းကျေးရွာအနီးမှာ ပလင်းကမ်းသာယာ ဆင်စခန်းကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ပလင်းကမ်းသာယာ ဆင်စခန်းကို သွားရောက်လည်ပတ်တဲ့သူတွေ အနေနဲ့ ဆင်တွေကို ကိုယ်တိုင် အစာကျွေးခွင့်ရရှိတဲ့အပြင် ဆင်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း အနီးကပ် လေ့လာခွင့်ရရှိစေတာမို့ ပျော်ရွှင်စရာ ကောင်းစေပါတယ်” ဟု ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာဘုရားအနီး အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)