ညောင်ဦး     ၈   ဖေဖော်ဝါရီ        

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ ပလပ်စတစ်အမှိုက်များစွန့်ပစ်ရာ၌ စနစ်တကျ စွန့်ပစ်သည့်အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့ တို့ ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြတ် စုပေါင်းအမှိုက်ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်(စနေနေ့)၊ ယနေ့ နံနက်ပိုင်းက ပုဂံမြို့သစ်မှ ရွှေဆံတော်ဘုရားသွားရာ လမ်းဘေး(ဝဲ၊ ယာ)တစ်လျှောက်ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက် ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

a

 

အဆိုပါ စွန့်ပစ်ပလပ်စတစ်အမှိုက်များ ကောက်ယူရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ရာသို့ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (ထွေ/အုပ်)ဝန်ထမ်းများနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များ ၊ ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဝန်ထမ်းများ  ပူးပေါင်းပါဝင်၍ ပုဂံမြို့သစ်မှ ရွှေဆံတော်ဘုရားသွားရာလမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)ရှိ စွန့်ပစ်ပလပ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းကောက်ယူ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

a

 

ယခုအခါ မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဒေသတစ်ခု ဖြစ်လာသည့်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပုဂံညောင်ဦးဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ၊ ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည်များ အနေဖြင့် ပလပ်စတစ် အမှိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ မပြုလုပ်ကြရန်နှင့် စွန့်ပစ်အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား သန့်ရှင်းသာယာလှပရေး ပူးပေါင်းပါဝင် ဆောင်ရွက်လာ စေရန် အသိပေးနှိုးဆော်ထားရှိကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)