ညောင်ဦး ၂၅ ဇန်နဝါရီ
ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပလတ်စတစ်အမှိုက်များ စွန့်ပစ်ရာ၌ စနစ်တကျ စွန့်ပစ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် Bagan Plastic Campaign အဖွဲ့တို့ ပူးပေါင်းပြီး အပတ်စဉ် စနေနေ့တိုင်း စဉ်ဆက်မပြတ် စုပေါင်းအမှိုက်ကောက်ယူ ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီခွဲက ညောင်ဦးမြို့၊ သံတဲဟိုတယ်အနီးတွင် စုရပ်ပြုလုပ်ကာ လူအင်အား ၆၀ ကျော်ခန့်ဖြင့် စွန့်ပစ်ပလတ်စတစ်အမှိုက် ကောက်ယူရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၏ ဦးဆောင်မှုဖြင့် (ထွေ/အုပ်)ဝန်ထမ်းများ၊ Bagan Plastic Campaign အဖွဲ့ဉက္ကဋ္ဌ ဦးတင့်ဆွေနှင့် အဖွဲ့ဝင်များ၊ ဆောက်လုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့၊ Tea Group မှ အဖွဲ့ဝင်များ၊ စုစုပေါင်း လူအင်အား ၆၀ ဦးကျော်ခန့် ပူးပေါင်းပါဝင်ကာ ညောင်ဦးမြို့၊ သံတဲဟိုတယ်အနီးမှ ငှက်ပစ်တောင် ဘုရားသွားရာလမ်းတစ်လျှောက် လမ်းဘေး (ဝဲ/ယာ) ရှိ စွန့်ပစ်ပလတ်စတစ်အမှိုက်များကို အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် စုပေါင်းကောက်ယူ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးဒေသသည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ဒေသတစ်ခု ဖြစ်လာသည့်အတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Bagan Plastic Campaign အဖွဲ့မှ အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ပုဂံညောင်ဦးဒေသအား အစဉ်အမြဲ သန့်ရှင်းသာယာ လှပစေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယင်းဒေသသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည်များကို ပလတ်စတစ်အမှိုက်များအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်း မပြုလုပ်ကြရန်နှင့် စွန့်ပစ်အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအား သန့်ရှင်းသာယာလှပရေး ပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် အသိပေးနှိုးဆော်ထားရှိကြောင်း ညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။
လှိုင်ဝင်းလေး (ပုဂံမြေ)