ညောင်ဦး  ၂၅  မေ        

 

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်တွင်း ပြည်ပဘုရားဖူး ဧည့်သည်များ လာရောက်မှုမရှိသည့်အတွက် ဆိုင်ကယ်အငှားယာဉ်၊ မီနီအိုးဝေ (သုံးဘီး ဆိုင်ကယ်) များဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ကယ်ရီသမားများ ပုံမှန်ဝင်ငွေမရရှိဘဲ အခက် ကြုံတွေ့နေရကြောင်း သိရသည်။

 

မီနီအိုးဝေ(သုံးဘီးဆိုင်ကယ်) မောင်းသူ ကိုသန်းဇော်မင်းက ဒီကိုဗစ်-၁၉ ကပ်ရောဂါဖြစ်တဲ့ အချိန်ကစပြီး ဆွဲကို မဆွဲရတော့တာ၊ ဘုရားဖူး ခရီးသွားဧည့်သည်လည်း မလာဘူးလေ၊ ဒေသခံတွေ ကလည်း ကျနော်တို့သုံးဘီးတွေက နိုင်ငံခြားသားတွေ အများဆုံး စီးထားတာဆိုပြီး ကြောက်ပြီးမစီးကြ ဘူးဗျ၊ အခုသုံးဘီးတွေကလည်း အစီးရေ ရာကျော်နေပြီ၊ ပုံမှန်မှ တစ်ရက်ငွေကျပ် ၆ ထောင်၊ ၇ ထောင် ကျန်တာ၊ အရင်က နိုင်ငံခြားသားများ အများဆုံးငှားပြီး တစ်ရက်အပြည့်ဆို သုံးသောင်းခွဲ၊ လေးသောင်း ရတယ်၊ နေ့တဝက်ဆို တစ်သောင်း ခွဲပေါ့၊ ဧည့်သည် အရေအတွက်ပေါ် မူတည်တယ်လေ၊ အခုက ခရီးသည်ပါးတာမဟုတ်ဘူး၊ လာလည်း မလာကြတော့ဘူး၊ ကျနော်တို့ သုံးဘီးဆိုင်ကယ်လည်း ထွက်ကို မထွက်ရတော့တာဟု ပြောပြ၍ သိရသည်။

 

အဆိုပါ မီနီအိုးဝေ(သုံးဘီးဆိုင်ကယ်) ဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအပြင် မြင်းလှည်း၊ စက်လှေ၊ ဧည့်လမ်းညွှန်၊ ဟိုတယ်၊ စားသောက်ဆိုင် စသည့်ဖြင့် လုပ်ငန်းများစွာ အခက်ကြုံတွေ့နေရ ကြောင်း၊ ဘာလို့လဲဆိုရင် ဒီဒေသဟာ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည့်များဖြင့် လုပ်ငန်း များစွာကို လည်ပတ်ရပ်တည်နေသည့်မြို့ဖြစ်ခြင်းကြောင့်ဟု ဒေသခံတစ်ဉီးဖြစ်သူ ဦးစိုးဝင်းနိုင်ထံမှ သိရသည်။

 

 

ကျော်မင်းဦး(ရေနံချောင်း)