ညောင်ဦး       ဇွန်     ၁၅

ပဲခူးမြို့မှ ဓမ္မမိတ်ဆွေများ စုပေါင်းအဖွဲ့က ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မ ရိပ်သာကျောင်းတိုက် နာယက ဆရာတော် ဦးသာဂရအား အမှူးပြု၍ ဇွန် ၁၅  ရက် နံနက်ပိုင်းက ပုဂံမြို့ဟောင်းရှိ နဂါးရုံဘုရားကြီးတွင် ပုဂံညောင်ဦးမြို့နယ်ရှိ ဝင်ငွေနည်း အိမ်ထောင်စု ၂၀၀ အား စားဝတ်နေရေး အဆင်ပြေစေရန် အိမ်ထောင်စု တစ်စုလျှင် စားသောက်ကုန်ပစ္စည်း ခြောက်မျိုးစီနှင့် ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ဘူးများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်များအဖွဲ့က ပုဂံညောင်ဦးမြို့နယ်ရှိ ပုဂံမြို့၊ မြင်းကပါကျေးရွာ၊ ကျွန်းသီရိရပ်ကွက်နှင့် ဘုရားစောင့် မိသားစုဝင်များကို အိမ်ထောင်စုတစ်စုလျှင် ဆန် နှစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား တစ်ပိဿာ၊ ကြက်ဥ ၁၀ လုံး ၊ ခေါက်ဆွဲခြောက် တစ်ထုပ်၊ ယမ်ယမ်ချဉ်စပ် ငါးထုပ် စသည့် စားသောက်ကုန်ပစ္စည်း ခြောက်မျိုးစီနှင့် ခေါင်းလျှော်ရည် တစ်ဘူး၊ ရွှေဝါဆပ်ပြာ တစ်တောင့်စီ တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ရဲဝင်းနိုင်(ညောင်ဦး)