ညောင်ဦး ဧပြီ ၃၀
ပုဂံညောင်ဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ ၁၄ ရွာမှ ဝင်ငွေနည်းမိသားစုများကို စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် စားသောက်ကုန် ပစ္စည်း ခုနစ်မျိုးစီကို နဂါးရုံဘုရားကြီးအနီး ကွင်းပြင်တွင် ဧပြီ ၃၀ ရက် နံနက်က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ပုဂံမြို့၊ ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဦးသာဂရ ဦးဆောင်သော ပုဂံညောင်ဦးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စနစ်တကျ ထောက်ပံ့လှူဒါန်းပေးနိုင်ရေး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
“ဝင်ငွေနည်းအိမ်ထောင်စုတွေကို စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့က အလှူရှင် ဦးမင်းသူအောင် - ဒေါ်သွယ်သွယ်စိုး မိသားစုနဲ့ စေတနာ သဒ္ဓါတရား ထက်သန်သော ဓမ္မမိတ်ဆွေတွေက ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ ငါးသေတ္တာဘူး၊ ယမ်ယမ်ချဉ်စပ် စားသောက်ကုန်ပစ္စည်း ခုနစ်မျိုးစီကို လာရောက်ထောက်ပံ့လှူဒါန်းတာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၉၀၀၀ အတွက် စုစုပေါင်း လှူဒါန်းမှုတန်ဖိုးမှာ ငွေကျပ် သိန်း ၇၀၀ နီးပါး ရှိပါတယ်" ဟု ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် ဦးသာဂရက မိန့်ကြားသည်။
ရဲဝင်းနိုင်(ညောင်ဦး)