ညောင်ဦး မေ ၂
ရန်ကုန်မြို့မှ ဦးမင်းသူအောင် - ဒေါ်သွယ်သွယ်စိုး မိသားစုနှင့် စေတနာသဒ္ဓါတရား ထက်သန်သော ဓမ္မမိတ်ဆွေများ စုပေါင်းအဖွဲ့က ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယက ဆရာတော် ဦးသာဂရအား အမှူးပြု၍ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၄)ရွာမှ ဝင်ငွေနည်းမိသားစုများကို စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု ၉၀၀၀ အား စားသောက်ကုန် ပစ္စည်း(၇)မျိုး လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ငွေနည်း အိမ်ထောင်စုများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းရာတွင် ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယက ဆရာတော် ဦးသာဂရ ဦးဆောင်သော ပုဂံညောင်ဦးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စနစ်တကျ ထောက်ပံ့လှူဒါန်းပေးနိုင်ရေးအတွက် ပုဂံညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း(၁၄)ရွာမှ ဝင်ငွေနည်း အိမ်ထောင်စု (၉၀၀၀) အား ကြိုတင်ဖိတ်ကြား စီစဉ်ဆောင်ရွက်၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
“ဦးဇင်းတို့ ပုဂံညောင်ဦးမြို့ပေါ်နဲ့ အနီးဝန်းကျင်ရှိ ကျေးရွာ(၁၄)ရွာက ဝင်ငွေနည်းအိမ်ထောင်စုတွေကို စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး အလှူရှင် ရန်ကုန်မြို့က ဦးမင်းသူအောင် - ဒေါ်သွယ်သွယ်စိုး မိသားစုနဲ့ စေတနာ သဒ္ဓါတရား ထက်သန်သော ဓမ္မမိတ်ဆွေများ စုပေါင်းအဖွဲ့က ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ ငါးသေတ္တာဘူး၊ ယမ်ယမ်ချဉ်စပ် စားသောက်ကုန်ပစ္စည်း (၇)မျိုးစီ လာရောက်ထောက်ပံ့ လှူဒါန်းပေးတာ ဖြစ်ပါတယ်။ ယခုလို ထောက်ပံ့လှူဒါန်းခြင်းကို အလှူရှင်မိသားစုက နှစ်စဉ် လာရောက်လှူဒါန်းပေးတာ ဖြစ်ပါတယ်။ အလှူရှင်တွေ စိတ်အေးချမ်းသာစွာ လှူဒါန်းနိုင်ဖို့နဲ့ အမှန်တကယ် စားဝတ်နေရေး အခက်အခဲဖြစ်တဲ့ ဝင်ငွေနည်းအိမ်ထောင်စုတွေကို လှူဒါန်းခွင့်ရရှိဖို့အတွက် ဦးဇင်းကပဲ ဦးဆောင်ပြီးတော့ ဒေသခံလူမှုရေး အသင်းအဖွဲ့တွေနဲ့ ပရဟိတလူငယ်များ လိုက်ပါပြီးတော့ ဖိတ်ကြားစီစဉ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ အိမ်ထောင်စုပေါင်းက ၉၀၀၀ ဖြစ်ပါတယ်။ အိမ်ထောင်စုကများတော့ စားသောက်ကုန်ပစ္စည်းလှူဒါန်းတဲ့ အစီအစဉ်ကိုလည်း ဧပြီ ၂၈ ရက်နေ့က ဗူးဘုရား၊ ဧပြီ ၂၉ ရက်နေ့မှာ စေတနာကြီးဘုရား၊ ဧပြီ ၃၀ ရက်မှာ နံနက်ပိုင်း နဂါးရုံဘုရားနဲ့ ညနေ ၃ နာရီမှာ တာမဏီအုတ်ကျောင်း၊ မေ ၁ ရက်နေ့မှာ ရွှေစည်းခုံဘုရားတို့မှာ အသီးသီး နေရာတွေခွဲပြီး လှူဒါန်းပေးခဲ့ပါတယ်။ လှူဒါန်းမှုအနေနဲ့ကတော့ အိမ်ထောင်စုတစ်စုကို ဆန် (၃)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာ၊ ဆား(၁)ပိဿာ၊ ကုလားပဲ နို့ဆီဘူး(၃)ဘူး၊ ငါးသေတ္တာ(၁)ဘူး၊ ယမ်ယမ်ချဉ်စပ်ထုပ်ကြီး (၁)ထုပ် စုစုပေါင်း စားသောက်ကုန်ပစ္စည်း အမယ်(၇)မျိုး လှူဒါန်းပေးတာ ဖြစ်ပါတယ်။ အိမ်ထောင်စုပေါင်း ၉၀၀၀ အတွက် စုစုပေါင်း လှူဒါန်းမှုတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိပါတယ်” ဟု ပုဂံမြို့၊ ရတနာဘုံစံတောရ ဓမ္မရိပ်သာကျောင်းတိုက် နာယက ဆရာတော် ဦးသာဂရက မိန့်ကြား၍ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)