ညောင်ဦး       အောက်တိုဘာ      ၁၅

 

မန္တလေးတိုင်းဒေသကြီး ၊ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ ဝင်ငွေနည်းအိမ်ထောင်စုများကို စားသောက်ရေး အဆင်ပြေ စေရန်အတွက် ရည်ရွယ်၍ မန္တလေးမြို့မှ စေတနာအလှူရှင်များ စုပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက်က ပုဂံမြို့ဟောင်းရှိ နဂါးရုံဘုရားကြီးရင်ပြတော်၌ စားသောက်ကုန်ပစ္စည်းများ  ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် အလှူရှင် မန္တလေးမြို့မှ စေတနာအလှူရှင်များ ပူးပေါင်းအဖွဲ့က ပုဂံမြို့၊ ရတနာဘုံစံ တောရဓမ္မရိပ်သာ ကျောင်းတိုက်နာယက ဆရာတော် ဦးသာဂရအား အမှူးပြု၍  ပုဂံညောင်ဦးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဝင်ငွေနည်း အိမ်ထောင်စု ၃၀၀ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ စားသောက်ရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည် ၊ ဆီ ၅၀ ကျပ်သား ၊ ဆား ၅၀ ကျပ်သား ၊ ကြက်ဥ ၅ လုံး ၊ ကြာဇံထုပ်ကြီး တစ်ထုပ် ၊ လက်ဖက်ပဲကြော် တစ်ထုပ်စီနှင့် ဆပ်ပြာမှုန့် တစ်ထုပ်စီတို့ကို ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။  

 

ထို့နောက် အလှူရှင်များအဖွဲ့က နဂါးရုံဘုရားရင်ပြင်တော်၌ ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မရိပ်သာ ကျောင်းတိုက် နာယက ဆရာတော် ဦးသာဂရထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေလှူဒါန်းခဲ့ကြသည်။

 

အဆိုပါ လှူဒါန်းမှုကို ပုဂံမြို့၊ ရတနာဘုံစံ တောရဓမ္ဓရိပ်သာကျောင်းတိုက်နာယကဆရာတော် အရှင်သာဂရ၏ ဦးဆောင်မှုဖြင့် ပုဂံမြို့၊ သီရိပစ္စယာ လူမှုကူညီရေး ပရဟိတအသင်းသားများက အလှူရှင်အဖွဲ့နှင့်အတူ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ‌ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)