ညောင်ဦး ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့အပြားရှိ ဘုရားစေတီပုထိုးများတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြည်တွင်းဘုရားဖူး ခရီးသွားဧည့်သည်များ စည်ကားလျက်ရှိကြောင်း သိရသည်။

အခါကြီး၊ ရက်ကြီးနှင့် ရက်ရှည်ရုံးပိတ်ရက်များတွင် ပုဂံညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုဆောင်များ၊ ဘုန်းတော်ကြီးကျောင်းများ၌ တည်းခိုပြီး စိတ်အေးချမ်းစွာဖြင့် အပန်းဖြေအနားယူကာ လည်ပတ်ဖူးမြော်ကြသူ များဖြင့် စည်ကားလျက်ရှိကြောင်း ပုဂံညောင်ဦးမြို့ရှိ ရွှေစည်းခုံစွယ်တော်မြတ်စေတီတော်ကြီး၏ ဂေါပကအဖွဲ့ရုံးမှ သိရသည်။ ခရီးသွားဧည့်သည်များကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ကြသည့် မြင်းလှည်းမောင်းသူများ၊ ခရီးသည်ပို့ဆောင်ရေး အနှေးယာဉ်၊ အမြန်ယာဉ် လုပ်ကိုင်ကြသူများ၊ ပုဂံဒေသထွက် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ၊ အခကြေးငွေဖြင့် လက်ရေးပန်းချီ ရေးဆွဲကြသူများနှင့် သနပ်ခါး လိမ်းခြယ်ပေးကြသူများ ဝင်ငွေကောင်းမွန်ကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ 
    
ရဲဝင်းနိုင်(ညောင်ဦး)