ပုဂံ    ၁၉    ဒီဇင်ဘာ  

 

 

၂၀၁၇-၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

 

 

 

 

အဆိုပါ ပုဂံရှေးဟောင်း သုတေသနပြတိုက်သည်  တနင်္လာနေ့နှင့် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နံနက် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ဖွင့်လှစ် ပေးထားကြောင်း သိကာ ပြတိုက်ဝင်ကြေး ပြည်ပဧည့်သည် တစ်ဦးလျှင် ကျပ်ငါးထောင် ကောက်ခံပြီး ပြည်တွင်း ဘုရားဖူး၊ ခရီးသွားလေ့လာရေး ဧည့်သည် တစ်ဦးလျှင် (လူကြီး) ငါးရာကျပ် ကောက်ခံပြီး ကျောင်းသား ကျောင်းသူ၊ ကလေး၊ ရဟန်းသံဃာများ အခမဲ့ ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

 

 

 

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာ ပုဂံဒေသတွင် ကမ္ဘာ့အဆင့်မီ ရှေးဟောင်း သုတေသနပြတိုက်ကြီးကို (၁၉၉၅)ခုနှစ်၊ မတ်လတွင် စတင်တည်ဆောက်ခဲ့ပြီး (၁၉၉၈)ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ရှင်းပြသည်။

 

 

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ကန်တော့ပလ္လင်ဘုရား၏ တောင်ဘက် ရှစ်မြှောင့် ပုံပြတိုက်ဟောင်း၏ အနီးတွင်တည်ရှိပြီး မြေဧက ၁၀ ဒသမ ၉၇ ဧက အကျယ်အဝန်းရှိ ကြောင်း သိရသည်။ 

 

 

ပြတိုက်ကြီးတွင် ပြခန်း ၁၀ ခန်းဖြင့် ပြသထား ပုဂံရှေးဟောင်း သုတေသနပြတိုက်ကြီးတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်လက်မှု အနုပညာပြခန်း၊ ပုဂံခေတ်   ဗိသုကာပြခန်း၊ ပုဂံခေတ် နန်းမြို့ပြခန်း၊ ပုဂံခေတ် စာပေပြခန်း၊ ပုဂံခေတ် လူနေမှုဘဝပြခန်း၊ ပုဂံခေတ် ဗုဒ္ဓ အနုပညာပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ် ဘုရားပုထိုး ပန်းချီပြခန်း၊ ပုဂံခေတ် နံရံဆေးရေး ပန်းချီပြခန်း စသည့် ပြခန်း(၁၀)ခန်းဖြင့် ခင်းကျင်းပြသထားကြောင်း သိရှိရကာ ပုဂံခေတ်ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းပေါင်း တစ်သောင်းကျော် ပြသထားကြောင်း ပုဂံဒေသရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်းမှ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ပုဂံပြတိုက်ကြီးအတွင်း တစ်စုတဝေးတည်း ကြည့်ရှုလေ့လာနိုင်ကာ ပြတိုက်အတွင်း ပြသထားသည့် ဝတ္ထုပစ္စည်းများအကြောင်း သိရှိလိုလျှင်လည်း  ပြတိုက် ဝန်ထမ်းများမှ ရှင်းပြပေးသည်။

 

 

၂၀၁၇-၂၀၁၈ ခုနှစ် တစ်နှစ်အတွင်း  ပြည်တွင်း ဘုရားဖူး၊ လေ့လာရေး ခရီးသွား ဧည့်သည် သုံးသိန်းလေးထောင်ကိုးဆယ့်ကိုးယောက် ဝင်ရောက်ပြီး ပြည်ပ ခရီးသွားဧည့်သည် တစ်သောင်းခန့် ဝင်ရောက်ခဲ့ကြောင်းနှင့် ပုဂံသို့ ရောက်လျှင် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ သာသနိက အဆောက်အဦများ ဖူးမြော်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု သုတေသနပြတိုက်သို့ လာရောက် လေ့လာသင့်ပေသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)