ပုဂံ-ညောင်ဦး ၁၆ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားအမှတ် (၁၀၈၁) ဂူဘုရားအား ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ နံရံဆေးရေးပန်းချီများအား ကြံ့ခိုင် ထိန်းသိမ်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဘုရားအမှတ်(၁၀၈၁)ဂူဘုရားသည် ပုဂံမြို့ မြင်းကပါရွာနှင့် သီရိပစ္စယာရွာအကြား၊ စိမ်းညက် ညီအမဘုရား၏ အနောက်ဘက်တွင်တည်ရှိကာ အေဒီ ၁၃ရာ စု လက်ရာ ဟုခန့်မှန်းရကြောင်း၊ အပြင်ပိုင်းတွင် အင်္ဂတေပန်းလက်ရာများဖြင့် တန်ဆာဆင်ထားပြီး အတွင်းပိုင်းတွင် နံရံဆေးရေး ပန်းချီများဖြင့် တန်ဆာဆင်ထားကြောင်း သိရသည်။
ကွမ်းတောင်ပေါ်ရှိ နတ်ရုပ်လေးများမှာ မျက်နှာအပါအဝင် ပကတိအကောင်းအတိုင်း လေ့လာနိုင်ပြီး အတွင်းပိုင်းရှိ နံရံဆေးရေးမှာလည်း အရွယ်အစားသေးငယ်သော ငါးရာ့ငါးဆယ်ဇာတ်ကွက်များ၊ ဗုဒ္ဓ ခြေတော်ရာများဖြင့် ခြယ်မှုန်းထားကာ မြေပလာစတာ(Mud Plaster)အမျိုးအစားဖြစ်ကြောင်း၊ ပုဂံ ဒေသတွင် နံရံဆေးရေးပန်းချီများရှိသော ဂူဘုရားပေါင်း(၄၀ဝ)ကျော်ရှိရာ ငါးရာ့ငါးဆယ် ဇာတ်တော်ကို ရေးဆွဲရာတွင် ထိုကဲ့သို့ အရွယ်အစားသေးငယ်စွာ ဖော်ပြရေးဆွဲသော ဘုရားအရေအတွက် နည်းပါးပြီး အဆိုပါဘုရားများမှာ ဘုရားအမှတ် (၁၄၈)၊ ဘုရားအမှတ် (၆၀ဝ) မောင်းရုံဂူ၊ ဘုရားအမှတ် (၆၆၀)၊ ဘုရားအမှတ် (၇၃၂)၊ ယခုထိန်းသိမ်းကြံ့ခိုင်ရေး ဆောင်ရွက်နေသော ဘုရားအမှတ်( ၁၀၈၁) (7 cm × 7 cm- အရွယ်အစား အငယ်ဆုံး)၊ ဘုရားအမှတ် (၁၄၈၇)စသည့်တို့တွင် လေ့လာနိုင်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူးက ဦးစိုးစိုးလင်းက ရှင်းပြသည်။

(၂၀၁၆ )ခုနှစ်အတွင်း လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အဆောက်အအုံ၏ တိုက်မပိုင်းတွင် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားခဲ့ကြောင်းနှင့် ငလျင်ဒဏ်ကြောင့် နံရံဆေးရေးပန်းချီအချို့ထိခိုက်ပြုတ်ကျပျက်စီးခဲ့ရာကျန်ရှိသည့်နံရံဆေးရေးပန်း ချီများနှင့် အင်္ဂတေပန်းများအား ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ညောင်ပင်သတ်ခြင်းနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်းတို့ကို ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု ၊ ဓာတုဗေဒဌာနစိတ်မှ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးစိုးလင်း -ဒုတိယညွှန်ကြားရေးမှူးကပြောကြားသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း