မန္တလေး ၂၅ စက်တင်ဘာ 


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် ပထမဆုံးအကြိမ် ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။


ပုဂံရှိ သာသနိက အဆောက်အအုံများ သန့်ရှင်းရေး ပြုလုပ်နိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)နှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းတို့ စက်တင်ဘာလ တတိယပတ်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။


"သန့်ရှင်းရေး ဆောင်ရွက်နိုင်ဖို့အတွက် ဘုရားအစု ၁၉ ဆူကို ရှာဖွေပေးထားတယ်။ အဲ့ဒီထဲကမှ ဘုရားအဆူ သုံးဆူကို သန့်ရှင်းရေး ဆောင်ရွက်ဖို့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောသည်။


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ သာသနိက အဆောက်အအုံများ သန့်ရှင်းသာယာ လှပရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပုဂံဘုရားများ အလှူငွေဖြင့် ဇုန်ဧရိယာ အပိုင်း ၄ ပိုင်း သတ်မှတ်ကာ လုပ်ဆောင်လျက်ရှိပြီး ယင်းဧရိယာများကို တစ်နှစ်လျှင် တစ်ကြိမ်မျှသာ သန့်ရှင်းရေး ဆောင်ရွက်နိုင်ကြောင်း သိရသည်။


“သူတို့ကတော့ အမြဲတမ်းလုပ်ချင်တာပေါ့။ ဧည့်သည်တွေ လာရင်လည်း ပြချင်တာပေါ့။ တကယ်ဆို တစ်နှစ်ကို လေးကြိမ်လောက်လုပ်သင့်တာ။ ကျွန်တော်တို့ လုပ်တဲ့အချိန်မှာ သူတို့တွေဝင်ရင်တော့ ကောင်းတာပေါ့” ဟု ၎င်းကပြောဆိုသည်။


"ဒီလို သန့်ရှင်းရေး လုပ်တာက ပထမဦးဆုံးပါ။ အဓိကကတော့ ခရီးသွား ဧည့်သည်တွေကို လိုက်ပြသတဲ့အခါမှာ သန့်ရှင်းနေတာကို ပြချင်တာပါ”ဟု မန္တလေးတိုင်းဒေသကြီး ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးရီက ပြောသည်။


လက်ရှိတွင် ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တို့ သန့်ရှင်းရေးဆောင်ရွက်နေသည်။


သူရိန်လင်း

 

1