မန္တလေး ၉ ဇန်နဝါရီ
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရသည့် စေတီနှစ်ဆူကို ဇန်နဝါရီ ၁၅ရက်တွင်ဂျပန်နိုင်ငံမှ ပညာရှင်များက လာရောက်ပြုပြင်ထိန်းသိမ်းမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။
အဆိုပါ စေတီနှစ်ဆူမှာ ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ မယ်တော်ရပ်စေတီနှင့် လောကထိပ်ပန်စေတီဖြစ်ပြီး ယင်းစေတီကိုပြုပြင်မည့် ဂျပန်နိုင်ငံမှ ပညာရှင်များမှာ တိုကျိုအမျိုးသား ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဖြစ်ကြောင်းသိရသည်။

"ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ စေတီနှစ်ဆူကို ဂျပန်နိုင်ငံကပညာရှင်တွေက အက်ကွဲနေတဲ့ နေရာတွေနဲ့ နံရံဆေးရေးပန်းချီတွေ ပြုပြင်ထိန်းသိမ်းတာတွေကို လုပ်ပေးမယ်။ ဂျပန်က ဘာလို့လာရောက် ပြပြင်ပေးလဲဆိုတော့ ၂၀၁၄ ခုနှစ်က မြန်မာ-ဂျပန် ယဉ်ကျေးမှု ကိစ္စရပ်များနှင့်ပတ်သက်ပြီး ခြောက်နှစ်စာ MoU ရေးထိုးထားသည့်အတွက်ပါ " ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်လင်က ပြောသည်။

ဘုရားအမှတ် ၁၂၀၅ဖြစ်သည့် မယ်တော်ရပ်စေတီတွင် အင်္ဂတေလက်ရာများ ကြံ့ခိုင်မှု ထိန်းသိမ်းရေးလုပ်ခြင်းများနှင့် လောကထိပ်ပန်စေတီတွင် နံရံ ဆေးရေးပန်းချီများကို ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်မည်ဖြစ်ရာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများလုပ်ဆောင်ရန် ဇန်နဝါရီ ၁၅ရက်မှ ၃၀ရက် ထိဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းက မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ကို ဗဟိုပြုပြီးလှုပ်ခတ်သွားသည့် ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီအဆူ ၄၀ဝခန့် ပျက်စီးသွားသည့်အတွက် ပြည်တွင်း၊ ပြည်ပပညာရှင်များက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ယခုထိတိုင် လုပ်ကိုင်နေရကြောင်း သိရသည်။
သူရိန်လင်း
